တာချီလိတ် ၂၄ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကလေးစာပေပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတာဝန်ခံ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော်ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ကလေး စာပေပွဲတော်များ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် နိုင်ငံတစ်ဝန်းတွင် ကလေးစာပေပွဲတော်များ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်မှု အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေတို့က တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယကနှင့် ကော်မတီဝင်များ၊ လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ ပန်းချီပန်းပုပညာရှင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ပွဲတော်ကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ စေတနာအလှူရှင်များက ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် အလှူငွေနှင့်ပစ္စည်းများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ကလေးစာပေ ပွဲတော်ကို ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် မကာဟိုခမ်းရှိ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် ကျင်းပပြီးစီးခဲ့သော ကလေးစာပေပွဲတော်များမှ စာပေဆိုင်ရာပြိုင်ပွဲများနှင့် လှုပ်ရှားမှုများ၊ အားကစားဆိုင်ရာ ပြိုင်ပွဲ များနှင့် ဖျော်ဖြေရေးဆိုင်ရာများကို အလားတူ ထည့်သွင်းကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်မှုအပြင် ဒေသခံတိုင်းရင်းသားများ၏ စာပေဆိုင်ရာများ နှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ ဖျော်ဖြေမှုများကိုလည်း ထည့်သွင်း ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ သိရသည်။
MDN