တာချီလိတ် ၂၈ သြဂုတ်
တာချီလိတ်ခရိုင် မီးသတ်တပ်ဖွဲ့မှဦးစီးပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေးအန္တရာယ် ကျရောက်ပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် တာချီလိတ်ခရိုင် မီးသတ်တပ်ဖွဲ့ဝင် ၁၆၁ ဦးနှင့် ကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းများ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လက်တွေ့ သရုပ်ပြ လုပ်ဆောင်ခဲ့ကြသည်။
“ကျွန်တော်တို့ နိုင်ငံမှာဆိုရင် လူမှုရေးအသင်းအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေက တဖြည်းဖြည်းနဲ့ များလာပါတယ်။ တကယ်လဲ သူတို့တွေ အလုပ်တွေ လုပ်နေကြတယ်။ ဒါကြောင့် သူတွေနဲ့ ပေါင်းစပ်ပြီး ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ လုပ်မယ့်အရာတွေကို သူတို့လည်းနားအောင် ပေါင်းစပ်လုပ်တာပါ” ဟု တာချီလိတ်ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်ကိုကိုက ပြောသည်။
တာချီလိတ်မြို့တွင် အထပ်မြင့် အဆောက်အဦများ များပြားပြီး တာချီလိတ်မြို့အနီးရှိ တာလေမြို့တွင် ငလျင်ပြင်းပြင်းထန်ထန် လှုပ်ခတ်ဖူးသည့်အတွက် မြို့နေပြည်သူများ အနေဖြင့် ငလျင်လှုပ်ပါက လုပ်ဆောင်ရမည့် အရာများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လားထားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ တာချီလိတ်မြို့ရှိ အစိုးရကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ငလျင်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရယ်၊ မီးဘေးအန္တရယ်တို့ကို ဟောပြောပို့ချရန် စီစဉ်နေကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)


