ရန်ကုန် ၂၈ သြဂုတ်
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နားမကြားသူများ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သော လက်သင်္ကတေပြ ဘာသာစကား ကူညီပံ့ပိုးသူများ သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း(ရန်ကုန်) အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က " ဒီ လက်သင်္ကတေပြဘာသာစကား ကူညီပံ့ပိုးသူများသင်တန်း (Sign Language Supporters) ကို လူမှုဝန်ထမ်း ဦးစီးဌာနနှင့် JICA (မြန်မာ)တို့ ပူးပေါင်းပြီး ၂၀ဝ၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ ယနေ့ အချိန်အထိဆိုရင် သင်တန်းဖွင့်လှစ်ခဲ့တာ(၄)ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသားဦးရေ ၈၀ အထိ သင်တန်းဆင်းခဲ့ပြီး ဖြစ်ကြောင်း၊ ဒီအစီအစဉ်တွေ မစတင်ခင်တည်းက ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနနှင့် JICA (မြန်မာ)တို့ပူးပေါင်းပြီး နားမကြားသူများ လူ့အသိုက်အဝိုင်းအတွင်း ပြန်လည်ဝင်ဆန့်နိုင်မှု မြှင့်တင်နိုင်ရေး စီမံချက် အပိုင်း(၁) ၊ အပိုင်း(၂) ဆိုပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ အပိုင်း(၁)တွင် တစ်နိုင်ငံလုံးမှာရှိတဲ့ နားမကြားသူတွေရဲ့ လိုအပ်ချက်တွေ ၊ သက်ဆိုင်တဲ့ သင်တန်းတွေ မှတ်တမ်းတွေ ပြုစုခဲ့ပါကြောင်း၊ အပိုင်း(၂)မှာတော့ JICA (မြန်မာ)မှ ဂျပန်နိုင်ငံသို့ နားကြားသူ (၂)ဦးနှင့် နားမကြားသူ (၇)ဦး စုစုပေါင်း နည်းပြ(၉)ဦးတို့ကို ပထမဦးဆုံး ခေါ်ယူ၍ ရွေးချယ်လေ့ကျင့်ပေးခဲ့ပါကြောင်း၊
ထိုနည်းပြ(၉)ဦးမှ ဆင့်ပွားသင်တန်းတွေ ဖွင့်လှစ်ခဲ့တာဟာ ယခုအကြိမ်နဲ့ ဆိုရင် (၄)ကြိမ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း၊ ဒါ့အပြင် MRTV နဲ့ MNTV တို့မှ ထုတ်လွှင့်နေတဲ့ သတင်းအစီအစဉ်တွေမှာလည်း လက်သင်္ကတေပြ ဘာသာစကားဖြင့် စကားပြန်ခြင်းကို ထည့်သွင်းဖော်ပြပေးနေပြီ ဖြစ်ပါကြောင်း၊ နိုင်ငံအနှံ့အပြားမှာရှိတဲ့ နယ်ပယ်ဒေသ အသီးသီးမှာရှိတဲ့ လူတွေကို ဒီလက်သင်္ကတေပြ ဘာသာ စကားကို သင်ကြားပေးချင်ကြောင်း၊ ရုံးသုံးစကားသည် မြန်မာစာဖြစ်သလို တစ်နိုင်ငံလုံးမှာရှိတဲ့ နားမကြားသူတွေ အတွက် ဘုံသုံးစကားကိုလည်း ဒီစံလက်သင်္ကတေပြဘာသာစကားဆိုပြီး ပြုစု၍ သင်တန်းပေးရခြင်း ဖြစ်ကြောင်း၊ ဒီသင်တန်းကို နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ နားမကြားတဲ့ ပြည်သူတွေ သိရှိဖို့အတွက် ပြည်သူတစ်ယောက် ချင်းစီကလည်း စိတ်ဝင်စားမှုရှိပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေချင်ပါကြောင်း " စသည်ဖြင့် သင်တန်းဖွင့်လှစ်မှု အပေါ် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။ထို့နောက် သင်တန်းသူ(၃)ဦးမှ သင်တန်းတက်ရောက်စဉ်အတွေ့အကြုံများနှင့် ကျေးဇူးတင်စကားအား လက်သင်္ကတေပြ ဘာသာစကားဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး ခဲ့ကြသည်။
အဆိုပါ လက်သင်္ကတေပြဘာသာစကား ကူညီပံ့ပိုးသူများသင်တန်း အမှတ်စဉ်(၄) သင်တန်းကို ၂၀၁၈ ခုနှစ် မတ်လ(၅)ရက်နေ့မှ ၂၀၁၉ ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့အထိ (၁၈)လကြာ သင်ကြားပို့ချပေးခဲ့တာဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ(၉)ဦး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ(၁)ဦး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂)ဦး၊ NGO မှ(၂)ဦး၊ နားမကြားသောကလေးမိဘ(၂)ဦး၊ ပြင်ပမှစိတ်ဝင်စားသူ(၂)ဦး စုစုပေါင်း(၁၈)ဦး တက်ရောက်ခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ နားမကြားသူများအတွက် လက်သင်္ကတေပြဘာသာစကား ဖြင့် ကူညီပံ့ပိုးသူ (၁၀ဝ)ဦး ထွက်ပေါ်လာစေရန် ဦးတည်ထားသည့်အတိုင်း သင်တန်းများဆက်လက်ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး လက်သင်္ကတေပြဘာသာစကား ကူညီပံ့ပိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)


