ရန်ကုန် ၂၃ ဇွန်
တာမွေမြို့နယ်အတွင်းရှိပြည်သူများ ရာသီတုပ်ကွေးရောဂါအပါအဝင် လေထုထဲမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမှ ကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသော " ရာသီတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ " များနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းလဲ့ရည်က ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်၍ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သောနည်းလမ်းများ၊ မကူးစက်နိုင်အောင် ကာကွယ်နည်းများ၊ ရောဂါ လက္ခဏာများ၊ ရောဂါဖြစ်ပွားတတ်သည့် အသက်အရွယ်၊ အပိုင်းအခြားများ၊ ရာသီတုပ်ကွေးရောဂါမှတစ်ဆင့် ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်ပွားမှုများ၊ ရောဂါဖြစ်ပွားပါက ကုသနည်းများ၊ တစ်ကိုယ်ရေသန်ရှင်းစွာ နေထိုင်ခြင်းများအကြောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနှင်းလဲ့ရည်က ပြန်လည်ဖြေကြားပေးခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင် (တာမွေ)