တာမွေ     မေ    ၁၁

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ လူငယ်လူရွယ်လေးများနှင့် ကျောင်းသား ကျောင်းသူလေးများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ရှေးဦးသူနာပြုစုနည်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်ရှိ လူအများ၏ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာမှ ကူညီစောင့်ရှောက်ပေးနိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန ( Community Centre) ခန်းမ၌ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့သည်။

 

အခမ်းအနားတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။

 

 ထို့နောက် တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သင်တန်းသား သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

 

အဆိုပါ  ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းကို ၂၀၂၂-ခုနှစ် မေလ(၁၁)ရက်မှ မေလ(၁၃)ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများနှင့် လူငယ်လူရွယ်လေးများအား ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုနည်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာများအား ရောဂါသက်သာစေရန် ကုသနည်းများ၊ အရေးပေါ် အသက်ကယ်လူနာအား ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြဆရာများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

နိုင်လင်းအောင်(တာမွေ)