တာမွေ ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Six Winner Brothers Co.,Ltd မှ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် လက်ဝဲမင်းဒင်လမ်းတွင် ( Mobile Market ) ဖွင့်လှစ်၍ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြသည်။
အဆိုပါ တာမွေမြို့နယ်အတွင်း ( Mobile Market ) ဖွင့်လှစ်၍ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများအား စျေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးနေမှု အခြေအနေများအား တာမွေ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
“ စားသုံးဆီ စျေးနှုန်းမြင့်တက်နေတဲ့ ယခုလိုအချိန်မှာ ကျွန်မတို့ ပြည်သူတွေအနေနဲ့ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများကို စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ရောင်းချပေး တာဟာ ကျွန်မတို့ ဒေသခံပြည်သူတွေအတွက် ငွေကြေးကုန်ကျစရိတ်လည်း သက်သာပါတယ်။ နောင်လည်း အခုလို စားသုံးဆီတွေကို ချိုသာသောစျေးနှုန်းများနှင့် ရောင်းချပေးစေချင်ပါတယ်။ နောက်တစ်ခုက ဆီလာရောက် ဝယ်ယူ ကြတဲ့ လူတွေထဲမှာ တစ်ချို့က ကိုယ်တိုင်စားသုံးတာမဟုတ်ဘဲ မိသားစုလိုက် ဒီမှာလာရောက်တန်းစီဝယ်ယူပြီး တစ်ဖက်ကို တစ်ဆင့်ခံအနေနဲ့ အမြတ်တင် ရောင်းချမှုတွေက ရှိနေတဲ့အတွက် ကျွန်မတို့လို အမှန်တကယ် စားသုံးသူ တွေအနေနဲ့ ဆီ(၅၀)ဘူးတစ်ဘူး ဝယ်ယူနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ တွေအနေနဲ့ အမှန်တကယ် စားသုံးတဲ့ ပြည်သူတွေရဲ့ လက်ဝယ်အရောက် ဝယ်ယူရရှိစားသုံးနိုင်ဖို့အတွက် စနစ်တကျ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေချင်ပါတယ် ” ဟု စားသုံးဆီ လာရောက်ဝယ်ယူသူ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
တာမွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀ နှုန်းဖြင့် စားသုံးဆီပိဿာချိန်ပေါင်း ၂၀၀ ကျော်အား ရောင်းချပေးခဲ့ရာ မြို့နယ် အတွင်းရှိပြည်သူများ တစ်ခဲနက် လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)