ပြည်ကြီးတံခွန် ၂၈ မေ 


တာဝန်ယူမှုရှိသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက် ဒိန်မတ်နိုင်ငံ၏ ပူးပေါင်းထောက်ပံ့မှု ( စွမ်းအင်အလေအလွင့် လျော့ချရေးကဏ္ဍ) မှ ‘ကောင်းမြတ်’ တွင် နှင့် သံရည်ကျိုလုပ်ငန်း စက်ရုံသစ်ဖွင့်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ(၂)ရှိ အဆိုပါ စက်ရုံ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒိန်းမတ်နိုင်ငံမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်၊ ဒိန်းမတ်နိုင်ငံ မှ သံအမတ်ကြီး Mr. John Nielsen နှင့် ‘ကောင်းမြတ်’ တွင်နှင့် သံရည်ကျိုလုပ်ငန်းစက်ရုံပိုင်ရှင် ဦးလှမိုးသန်း တို့ ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။


ထို့နောက်မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒိန်းမတ်နိုင်ငံမှ သံအမတ်ကြီး Mr. John Nielsen က တာဝန်ယူမှုရှိသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အတွက် ဒိန်းမတ်နိုင်ငံ၏ ပူးပေါင်းထောက်ပံ့မှု Responsible Business Fund (RBF) နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ‘ကောင်းမြတ်’တွင်နှင့် သံရည်ကျိုလုပ်ငန်းစက်ရုံပိုင်ရှင် ဦးလှမိုးသန်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

1

ထို့နောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒိန်းမတ်နိုင်ငံမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်းလှည့်လည်ကြည့်ရူ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။


Responsible Business Fund (RBF) အနေဖြင့် ‘မြန်မာ့စီးပွားရေးလုပ်ငန်းများ ပြိုင်ဆိုမှုပိုမိုမြင့်မားလာစေရန်နှင့် တာဝန်ယူမှုဆိုင်ရာ အပြုအမူများ ပိုမိုတိုးတက်လာစေရန် ’ ဆန်းသစ်တီထွင်မှုရှိသော စီမံကိန်းများကို ငွေကြေး တစ်စိတ်တစ်ပိုင်းကို သင့်လျော်သော နယ်ပယ်(၇)ခုတွင် ထောက်ပံ့ပေးလျက် ရှိပါသည်။ အဆိုပါ နယ်ပယ်(၇)ခုမှာ (၁) စွမ်းအင်အလေအလွင့် လျော့နည်းရေး၊ (၂)ရေအရင်းအမြစ် အသုံးချမှု၊ (၃)စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေးများ အသုံးချမှု၊ (၄) ကျန်းမာရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်များ၊ (၅)အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေး၊ (၆) ကြီးကြပ်ခြင်းနှင့် ကွပ်ကဲခြင်း နည်းပညာများ ၊ (၇)လက်တွေ့နှင့်ပညာရပ်ဆိုင်ရာ နည်းပညာများ  အစရှိသော နယ်ပယ်(၇)ခုတွင် စီမံကိန်း ကုန်ကျငွေ ၅၀ % မှ ၈၀% ထိ ထောက်ပံ့ပေးလျက်ရှိကြောင်း RBF မှ Grant Manager ကို သာလင်းထက် က ပြောကြားသည်။


ကျွန်တော်တို့ Responsible Business Fund (RBF) အနေဖြင့် ယခုဖွင့်လှစ်တဲ့ ကောင်းမြတ် တွင် သံရည်ကျိုစက်ရုံကို  စွမ်းအင်အလေအလွင့်လျော့ချရေးကဏ္ဍအောက်မှ စက်ရုံစီမံကိန်း၏ ၆၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးခဲ့ပါတယ်၊ နယ်ပယ်ကဏ္ဍ(၇)ခုအောက်မှာ  မြန်မာနိုင်တစ်နိုင်ငံလုံးတွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်ပေါင်း (၅၀၄)ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်ပေါင်း(၈၈)ဦး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ SME လုပ်ငန်းရှင်များအနေဖြင့် ထောက်ပံ့မှုရရှိအောင် RBF မှာ လုပ်ငန်းစဉ်တွေတင်ပြရမယ်၊ ဘာတွေလုပ်မယ်၊ ဘယ်လိုတွေဆောင်ရွက်မယ်၊ ဘယ်လိုအကျိုးအမြတ်ရမယ်၊ ဝန်ထမ်းတွေ ဘယ်လိုထောက်ပံ့မယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းအောင် ဘယ်လိုထိန်းသိမ်းမယ် အစရှိသည် လုပ်ငန်းစဉ်များကို တင်ပြရပါမယ်၊ တင်ပြလာတဲ့လုပ်ငန်းရှင်များကို စိစစ်ရွေးချယ်ပြီး နယ်ပယ်ကဏ္ဍ(၇) ခုအောက်က ခေါင်းစဉ်နဲ့လည်း ကိုက်ညီတဲ့ လုပ်ငန်းရှင်တွေကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ Responsible Business Fund (RBF)ကို အသေးစိတ် လေ့လာလိုသူများအနေဖြင့် Website: www.rbfmyanmar.com နှင့် Facebook: www.facebook.com/FCGRBF/ သို့ ဝင်ရောက်လေ့လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ Responsible Business Fund (RBF) သည် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးတိုးတက်မှုကို ထောက်ပံ့ကူညီရန် တည်ထောင်ခဲ့ပြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို ကူညီထောက်ပံ့ပေးနိုင်ရန်  မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်ဒိန်းမတ်သံရုံးတို့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံအစီ အစဉ်ပံ့ပိုးမှုသဘောတူညီချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


သန်းဇော်မင်း(ပြန်/ဆက်)

 

1