တစ်လေထဲ၊ တစ်သံထဲ

ကိုရေချမ်း

 

မည်သည့်ပြဿနာမဆို ရှုထောင့်ပေါင်းစုံကနေ သုံးသပ်အဖြေရှာရစမြဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကို  သုံးသပ်ရာမှာလည်း ရှုထောင့်ပေါင်းစုံက  ရရှိတဲ့အချက် အလက်တွေကို အခြေခံပြီး  မှန်မှန်ကန်ကန်  သုံးသပ်သင့် ပါတယ်။ ပကတိမြေပြင်အခြေအနေကို  ကိုယ်တိုင် မလေ့လာဘဲ တခြားကရလာတဲ့ အထောက်အထားတွေနဲ့  သုံးသပ်မယ်ဆိုရင်   ကောင်းမွန်တဲ့ရလဒ် အဖြေထွက်မှာမဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ အဖြေမထွက်ဘဲ    ဆန့်ကျင်ဘက်ရလဒ်တွေသာ ပေါ်ထွက်နေမှာ ဖြစ်ပါတယ်။  နိုင်ငံရေးနဲ့ပတ်သက်ပြီး    ဆွေးနွေး အဖြေရှာရာမှာ   နောက်ကွယ်က အရိပ်မည်းကြီးရှိနေသရွေ့ ရုပ်သေးကြိုးဆွဲအဖြစ်သာရှိနေမှာ ဖြစ်ပါတယ်။  အမှန်တရားကို အနှောင်  အဖွဲ့မကင်းဘဲရှာနေရင်တော့ အဖြေမရဘဲ အချိန်ကုန် နေမှာဖြစ်ပါတယ်။

 

တွေ့ဆုံဆွေးနွေး

သြဂုတ်လ ၁၇ ရက်နေ့က   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ  အထူး ကိုယ်စားလှယ်  မစ္စနိုလင်းဟေဇာကို လက်ခံတွေ့ဆုံခဲ့ပါတယ်။  မြန်မာနိုင်ငံနဲ့  ကုလသမဂ္ဂတို့ အကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အခြေအနေတွေနဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ်  ဆွေးနွေးခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ ရည်ရွယ် ချက်ကောင်းမွန်တဲ့အတွက်  ပြည်သူတစ်ယောက် အနေနဲ့ ဝမ်းမြောက်မိပါတယ်။ ဒါပေမဲ့ တစ်ဖက်က အကြမ်းဖက်အဖွဲ့နဲ့ အပေါင်းပါတွေက မကျေ မနပ်ဖြစ်နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

 

ဆွေးနွေးခဲ့ကြတဲ့   အကြောင်းအရာတွေကို အပြည့်အစုံမသိခင်က  အခုလိုအချိန်အခါမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကြား ယုံကြည်မှုတွေ တည်ဆောက်ပြီး လက်တွဲပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်နိုင်တော့မယ်လို့ အကောင်းဘက်ကတွေးပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။  တွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါမှာ     မစ္စနိုလင်းဟေဇာဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အပြုသဘောမဆောင်တဲ့  ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မစ္စနိုလင်းဟေဇာရဲ့       တစ်ဖက်သတ်ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံအပေါ်   နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်သူလူထုက     အထင်အမြင်လွဲမှားစရာတွေ ဖြစ်လာတဲ့အတွက် တွေ့ဆုံစဉ်က ဆွေးနွေးမှုအပြည့်အစုံကို     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က  ပြန်လည်ထုတ်ပြန်ပေး လိုက်တဲ့အခါ   အခြေအနေမှန်ကို  အထင်အရှား သိလိုက်ရပါတယ်။

ကျင့်ဝတ်မလိုက်နာ

တွေ့ဆုံဆွေးနွေးမှုကို လေ့လာကြည့်ရင် ကုလ အထူးကိုယ်စားလှယ်ဟာ အဖွင့်မှာ သံတမန်ပီသစွာ နဲ့  စကားလှလှတွေပြောခဲ့ပေမယ့်   နောက်ပိုင်းမှာ အမှားကိုအမှန်၊ အမှန်ကို အမှားလုပ်ထားတဲ့ စွပ်စွဲမှု တွေနဲ့ ရှေးနည်းကားလို ဖြစ်ချင်တဲ့အချက်တွေကိုသာ  တောင်းဆိုတာကို  တွေ့ရပါတယ်။ ဆွေးနွေးစဉ်က မြန်မာနဲ့ ကုလသမဂ္ဂတို့အကြား  ရေရှည်လက်တွဲ ဆောင်ရွက်နိုင်ဖို့အတွက် သဘောတူညီခဲ့ပြီးဖြစ်ပါ တယ်။ ဒါပေမဲ့  တွေ့ဆုံမှုအပြီးမှာတော့    အထူးကိုယ်စားလှယ်ရဲ့ သတင်းထုတ်ပြန်ချက်ဟာ ပြည်ပ နဲ့ပြည်တွင်းမှာရှိတဲ့  တရားမဝင်နဲ့  အကြမ်းဖက် အဖွဲ့တွေက ပေးပို့တဲ့ သတင်းမှားတွေကို  အခြေခံ ထားတာတွေ့ရပါတယ်။     ကုလသမဂ္ဂအနေနဲ့ အများပြည်သူကို သတင်းထုတ်ပြန်ရာမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ တုံ့ပြန်ပြောကြား ချက်တွေကို မျှတစွာထည့်သွင်းဖော်ပြဖို့ ကျင့်ဝတ် အရ လိုအပ်သော်လည်း အထူးကိုယ်စားလှယ်ရဲ့ သြဂုတ်လ ၁၇ ရက်နေ့ သတင်းထုတ်ပြန်ချက်ဟာ  ကျင့်ဝတ်ကိုလိုက်နာ ခြင်းမရှိဘဲ ဘက်လိုက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။

 

ကုလသမဂ္ဂအနေနဲ့ ပြဿနာဖြေရှင်းရေးကို ပူးပေါင်းဆောင်ရွက်လိုတယ်လို့     ဆိုပေမယ့် မြန်မာနိုင်ငံဘက်က  ရှင်းပြခဲ့တဲ့   ဖြစ်စဉ်အမှန် အချက်အလက်အထောက်အထားတွေကို ထင်ဟပ် ဖော်ပြခြင်းမပြုဘဲ မှန်ကန်မှုမရှိတဲ့  တစ်ဖက်သတ် ပြောကြားချက်တွေကို  အသုံးပြုထားလို့   နှစ်ဦး နှစ်ဖက်    အပြုသဘောပူးပေါင်းဆောင်ရွက်လိုမှု တွေအတွက်  အနှောင့်အယှက်၊ အဟန့်အတား တွေ ဖြစ်စေနိုင်ပါတယ်။     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပြီး အစစအရာရာမှာ ဥပဒေနဲ့အညီ  ထိန်းထိန်းသိမ်းသိမ်း    ဆောင်ရွက်နေပါတယ်။   တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေး၊    လူသားချင်း  စာနာထောက်ထားရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာနဲ့ အများ ပြည်သူလိုလားတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင်မာမာရပ်တည် နိုင်ရေး၊      ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့       ပြည်ထောင်စုကို ဦးတည်ဆောင်ရွက် နေပါတယ်။

 

ပူးပေါင်းဆောင်ရွက်လျက်ရှိ

နိုင်ငံတကာဆက်ဆံရေးမှာ    လွတ်လပ်ပြီးတက်ကြွတဲ့  ဘက်မလိုက်   နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး  မူကြီး (၅)ချက်ကို လိုက်နာကျင့်သုံး လျက်ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့       ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ    နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်မြေတည်တံ့ရေးနဲ့ အချုပ်အခြာအာဏာကို  အခြားနိုင်ငံက  လေးစားလိုက်နာရေးအချက်တွေကို  အလေးထားလိုက်နာ  ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံဟာ  အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး   အာဆီယံ “မူ”ကို  လေးစားလိုက်နာကာ  လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်     ရှိပါတယ်။ ကုလသမဂ္ဂပဋိညာဉ်ကိုလည်း  လိုက်နာဆောင်ရွက် လျက်ရှိပြီး ကုလအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

 

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံက  ကျင့်သုံး ဆောင်ရွက်နေတဲ့ နိုင်ငံခြားရေးမူဝါဒကို အသိအမှတ် ပြု လက်ခံထားပြီး နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြင်း    မလုပ်ဘူးလို့ ပြောဆို နေသော်လည်း      မြန်မာနိုင်ငံက    ဥပဒေနဲ့အညီ ဆောင်ရွက်နေမှုတွေကို     အသိအမှတ် မပြုတာကတော့ အံ့အားသင့်စရာဖြစ်ပါတယ်။ ကုလသမဂ္ဂဟာ ပြဋ္ဌာန်းထားတဲ့ ပဋိညာဉ်တွေနဲ့ အညီဆောင်ရွက်နေတယ်လို့ဆိုပေမယ့်လည်း    လက်တွေ့မှာ   ကွဲလွဲနေတာ  တွေ့ရပါတယ်။   မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်နေတဲ့ ပကတိမြေပြင်အချက်အလက်တွေကို      လက်တွေ့ ကွင်းဆင်းလေ့လာခြင်းမရှိဘဲ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ၊    အကြမ်းဖက်အဖွဲ့ အစည်းတွေက ပေးပို့တင်ပြထားတဲ့ သတင်းအမှားတွေကို  လက်ခံအသုံးပြုပြီးတည်ဆဲအစိုးရအပေါ်    တစ်ဖက်သတ် စွပ်စွဲပြောဆိုမှုတွေဟာ စိတ်ပျက်စရာ ဖြစ်ပါတယ်။

 

ရှင်းရှင်းလင်းလင်းသိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကုလသမဂ္ဂနဲ့   မြန်မာနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်တဲ့အရွေ့တစ်ခုကို ရရှိရန်အတွက်  သဘောထားမှန်မှန်ကန်ကန် ထားပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို လက်ခံတွေ့ဆုံ ဆွေးနွေးခြင်းတွေ    ပြုလုပ်ခဲ့ သော်လည်း အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပကတိဖြစ်ပေါ်တိုးတက်မှုတွေနဲ့     အမှန်တရားတွေကို မျက်ကွယ်ပြုပြီး နိုင်ငံတကာအသိုက်အဝန်းနဲ့ ပြည်သူတွေ အထင်အမြင် လွဲမှားအောင် တစ်ဖက်သတ် သတင်းထုတ်ပြန်မှုကို  ပြုလုပ်ခဲ့ပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်က ဆွေးနွေးချက်အပြည့်အစုံကို ထုတ်ပြန်လိုက်တဲ့အခါ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို ပြည်သူတွေ သိခွင့်ရခဲ့ကြပါတယ်။

 

အကြမ်းဖက်လုပ်ရပ်တွေဟာ  ဘယ်သူတွေ လုပ်တာလဲဆိုတဲ့   သက်သေအထောက်အထား တွေနဲ့ သိအောင်ပြတဲ့အခါမှာ မသိနိုင်၊ မမြင်နိုင် ဖြစ်နေရတာဟာ နောက်ခံအကြောင်းတရားတွေ ဖုံးလွှမ်းနေလို့ဖြစ်ပါတယ်။  “သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့” သလို  နောက်က လူတွေညီလို့ “ဤ” ကို “ကျွဲ” ဖတ်နေတဲ့ သဘော ဖြစ်နေပါတယ်။ နိုင်ငံနဲ့ ပြည်သူအတွက် ဘယ်လိုပင်  ကောင်းအောင်လုပ်တယ်ဆိုဆို၊ ဘယ်လိုတွေ ခရီး ဆက်နေတယ် ပြောပြော၊ ဘယ်သူတွေ  အကြမ်းဖက်နေပါတယ်ပြပြ၊ ဖြစ်ချင်နေတာနဲ့၊ လိုချင်နေတာက  တစ်ခုတည်းကိုသာ     ဇောင်းပေးပြောဆိုနေတာ တွေကို  စေ့ငုကြည့်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ မပြောင်းလဲတဲ့ သဘောတရား တွေကို ထင်ထင်ရှားရှား သိရှိခဲ့ရပါတယ်။

 

အမှန်တရားထင်ရှား

မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ  တစ်ဖက်သတ် ဖိနှိပ်စွပ်စွဲ  ပုတ်ခတ်ပြစ်တင်နေကျဖြစ်လို့ နိုင်ငံတကာက  မည်သည့်အဖွဲ့အစည်းနဲ့တွေ့သည်ဖြစ်စေ ထူးမခြားနား ရလဒ်အဖြေသာ ထွက်ရှိမှာကို   သိရှိပြီးသားဖြစ်ပါတယ်။   မည်မျှပင်   အမှန်တရားကို ထုတ်ဖော်ပြောကြား သော်လည်း   နောက်ဆုံးမှာ ၎င်းတို့ရဲ့  မူလရည်ရွယ်ချက်  လမ်းရိုးကြီးအတိုင်း ဖောက်နေတာ ကိုတော့   မပြောဘဲလည်း သိနေကြမှာဖြစ်ပါတယ်။  အခု အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေး တဲ့အခါမှာ   တွေ့ဆုံစဉ်မှာတော့ အဟုတ်ကြီးလို့     ထင်ရပေမယ့်    တွေ့ပြီးတဲ့  နောက်ကွယ်မှာ တော့    ဆရာကြီးတွေအကြိုက်၊  အပေါင်းအပါတွေ စရိုက်၊ အကြမ်းဖက်သမားတွေနဲ့ သံပြိုင်ဟစ်ကြွေးတဲ့    သင်္ကနြ်သံချပ်လို   စည်းဝါးကိုက်ညီလှပါတယ်။   ဘယ်လိုပဲဖြစ်ဖြစ်    အခုလို တွေ့ဆုံဖြစ်လိုက်တာကတော့ မြန်မာခေါင်းဆောင်ရဲ့  သဘောထားအမှန်နဲ့      မြန်မာနိုင်ငံမှာ   ပကတိ ဖြစ်နေတဲ့   အရှိတရားတွေကို   မျက်ဝါးထင်ထင် သိရှိလိုက်ရပါတယ်။

 

ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့  တွေ့ဆုံ ဆွေးနွေးစဉ်က ပြောခဲ့တဲ့စကားတွေနဲ့   တွေ့ဆုံပြီး နောက်   ထုတ်ပြန်လိုက်တဲ့စကားတွေကို  သုံးသပ်ကြည့် လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပကတိဖြစ်စဉ်အမှန် တရားတွေကို  မျက်ကွယ်ပြုပြီး  ၎င်းတို့ရည်ရွယ် ချက်၊  ၎င်းတို့အလိုကျ   သဘောဆန္ဒများကို ရှေ့စကား  နောက်စကားမညီ ပြောကြားထားတာကို တွေ့လိုက်ရပါတယ်။ ဆွေးနွေးပွဲမှာ  မြန်မာနိုင်ငံ ခေါင်းဆောင်ရဲ့    သဘောထားပြောကြားချက် တွေဟာ ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ အပေါ်   စွပ်စွဲချက်တွေကို  ထိထိရောက်ရောက် ချေပနိုင်ခဲ့လို  မြန်မာနိုင်ငံနဲ့  မြန်မာပြည်သူတွေ ကိုယ်စား  လွန်စွာအားရ   ကျေနပ်မိပါတယ်။ အပေါ်ယံ ရွှေမှုန်ကြဲထားတဲ့ ရွှံ့ရုပ်မှန်းသိပါလျက်နဲ့ ရွှံ့ရုပ်ကို   ပစ်လိုက်ရင်အပေါ်က  ရွှေမှုန်တွေကို နှမြောနေတာနဲ့ တန်ဖိုးမရှိတဲ့ ရွှံ့ရုပ်ကိုအကြောင်းပြုပြီး အမြဲတမ်း အလုပ်ရှုပ်နေသူတွေ ဖြစ်ပါတယ်။

 

အကြမ်းဖက်မှုကို ဘယ်နိုင်ငံမှလက်မခံ

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံအစိုးရမဆို  နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊  တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဥပဒေနဲ့အညီ  တိတိကျကျ  ပြတ်ပြတ်သားသား ဆောင်ရွက်နေကြတာကို  တွေ့ရမှာဖြစ်ပါတယ်။ မကြာသေးမီက  အမေရိကန်၊  ဂျပန်နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်သမားလက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အမှုတွေနဲ့ပတ်သက်လို့ အကြမ်းဖက် သမားကို  ဥပဒေနဲ့အညီ ထိရောက်စွာအရေးမယူဘဲ လူသားချင်း ညှာတာထောက်ထားမှုအနေနဲ့ သက်ညှာ  ခွင့်ပြုပေးရန် တောင်းဆိုခဲ့ဖူးပါသလားလို့ မေးခွန်းထုတ်မယ်ဆိုရင် ပွဲသိမ်းသွား နိုင်ပါတယ်။  မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကို သိသိကြီးနဲ့ မျက်ကွယ် ပြုထားမယ်ဆိုရင် နိုင်ငံကို ပျက်စီးအောင် ဖျက်ဆီးနေကြတဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ အပြစ်မဲ့ပြည်သူတွေကို   အကြောင်းမဲ့ နှိပ်စက်သတ်ဖြတ်နေတဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေကို အထူးကိုယ်စားလှယ်ကြီးက    လေးစားထောက်ခံနေ ပါတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

 

ပကတိဖြစ်ရပ်မှန်တွေကို အထောက်အထား တွေနဲ့  ဘယ်လိုပင်ရှင်းပြသော်လည်း   မသိချင် ယောင်ဆောင်၊ လက်မခံတာကတော့ တစ်ကျိတ် တည်း  တစ်ဉာဏ်တည်း   အပေါင်းအဖော်တွေ ဖြစ်နေလို့တူပါတယ်။ ကျွန်တော်တို့  နိုင်ငံတော် ကြီးကို ပျက်စီးအောင် ဝိုင်းဝန်းဖိအားပေးနေကြတဲ့ ကြီးကြီးငယ်ငယ်တွေရဲ့ ဖြစ်နေကြတာတွေဟာ “ငါနဲ့မတူရင်၊ ငါ့ရန်သူပဲ”  ဆိုတဲ့  အစွန်းရောက်၊ ဗိုလ်ကျနိုင်ငံရေးသဘောတရားအတိုင်း“တစ်လေထဲ တစ်သံထဲ” အားလုံးဖြစ်နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။         ။