မကွေး ၁၁ သြဂုတ်
၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မကွေးတိုင်းက အောင်ချက် ၃၂.၈၂ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံး၏ စတုတ္ထအဆင့်သတ်မှတ်ခံခဲ့ရသော်လည်း အောင်ချက်သုညရခဲ့သည့်ကျောင်း ၃၈ ကျောင်းရှိခဲ့ကြောင်း မကွေး တိုင်းဒေသကြီးပညာရေမှူးရုံးမှ သိရသည်။
မကွေးတိုင်းအတွင်း၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာနှုန်းသုညဖြစ်ခဲ့သည့် အခြေအနေမှာ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် (၁၆)ကျောင်း ၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် (၁၈)ကျောင်းရှိခဲ့ပြီး ယခုနှစ်၌ သုည ကျောင်းများ နှစ်ဆခန့် ပိုများလာခြင်း ဖြစ်သည်။
“သုညကျောင်းတွေ ဖြစ်နေရတာက တိုင်းအတွင်းမှာ အထက်တန်းကျောင်းခွဲတွေ အဆင့်တိုးချ ထားတာများသလို အထက်တန်းပြ ဆရာ၊ဆရာမ လုံလောက်မှု မရှိတာကြောင့်လည်းပါတယ်။ ဒီကျောင်းတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမယ့် အစီအစဉ်တွေ ဆွဲထားပါတယ် ” ဟု မကွေးတိုင်း ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးလွင် က ပြောသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မကွေးတိုင်း၌ စာစစ်ဌာန(၂၀၇)ခုရှိခဲ့ပြီး စာမေးပွဲ ဖြေဆိုသူ (၉၀၇၁၂) ဦးထဲမှ (၂၉၇၇၄)ဦး အောင်မြင်ခဲ့ကာ ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်သူဦးရေ ၅၀ဝ၀ ကျော်ရှိကြောင်း ၊ ယမန်နှစ်က အောင်ချက် ၃၂.၂၉ ရာခိုင်နှုန်းရှိပြီး ယခုနှစ်တွင် ၃၂.၈၂ ရာခိုင်နှုန်း ဖြစ်လာကာ အောင်ချက် မြင့်လာကြောင်းဟု ၎င်းက ဆိုသည်။
အောင်ချက် သုညရသည့် ကျောင်းများတွင် ချောက်မြို့နယ်မှ(၇)ကျောင်း ၊ ဆင်ပေါင်ဝဲ မြို့နယ်မှ (၄)ကျောင်း ၊ မြို့ သစ်မြို့နယ်မှ(၃)ကျောင်း ၊ နတ်မောက်မြို့နယ်မှ (၃)ကျောင်း ၊ ရေနံချောင်း မြို့နယ်မှ (၃)ကျောင်း ၊ ပခုက္ကူမြို့နယ်မှ(၃)ကျောင်း ၊ မြိုင်မြို့နယ်မှ(၃)ကျောင်း ၊ တောင်တွင်းကြီး မြို့နယ်မှ (၂)ကျောင်း ၊ မင်းလှမြို့နယ်မှ(၂)ကျောင်း ၊ ဆိပ်ဖြူမြို့နယ်မှ(၂)ကျောင်း ၊ ကျန်မြို့နယ်များဖြစ်သည့် မကွေး ၊ မင်းဘူး ၊စလင်း ၊ သရက် ၊ ရေစကြို ၊ ပေါက်မြို့နယ်များမှ (၁)ကျောင်းစီ ပါဝင်ကြောင်း သိရသည်။
ဇေယျတု(မကွေး)