နေပြည်တော် ၉   ဇွန်

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးဆောင်၍ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးကြပ်ပြီး ဇွန် ၈ ရက်နေ့မှ စတင်ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာ မြန်မာကျပ်ငွေဖြင့် ရောင်းချသော ပြပွဲတွင် ကျောက်စိမ်းအတွဲများအား ပြည်တွင်းရှိ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သော ကျောက်မျက်ရတနာ လုပ်ငန်းရှင်များကို သင့်တင့်သောဈေးနှုန်းဖြင့် ကုန်ကြမ်းများရရှိစေပြီး ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ်ရောင်းချစေနိုင်ရန်အတွက် ပြပွဲတွင် အခြေခံကြမ်းခင်းဈေး ကျပ်ဆယ်သိန်းမှ အမြင့်ဆုံး သိန်းနှစ်ရာအထိရှိသော ကျောက်စိမ်းအတွဲများကို ကြမ်းခင်းဈေးနှုန်း သက်သာစွာဖြင့် တင်ပြရောင်းချထားကြောင်း သိရသည်။

 

03549

 

ပြပွဲတွင် ပြည်တွင်းကျောက်မျက်ကုမ္မဏီကြီးများ၊ ကျောက်မျက်အကျိုးတူကုမ္မဏီကြီးများက တင်ပြရောင်းချသည့် ကျောက်စိမ်းအတွဲပေါင်း ၃၁၀၈ တွဲ အား မဏိရတနာကျောက်စိမ်းခန်းမဝင်း အတွင်းတွင် ခင်းကျင်းပြသထားပြီး ဝယ်ယူမည့် ပြည်တွင်းကုန်သည်များက ကျောက်အတွဲများကို ကျောက်အမျိုးအစား၊ အရည်အသွေး၊ ဈေးနှုန်းအလိုက်တွက်ချက် ကြည့်ရှုစစ်ဆေးနေကြကြောင်း သိရသည်။

“ပြပွဲကို လာရောက်ဝယ်ယူတဲ့ ကုန်သည်ဦးရေက အရင်ပြပွဲတွေထက် နည်းတယ်လို့ ထင်တယ်၊ ဒါပေမဲ့ ကြမ်းခင်းဈေးနှုန်းက သင့်တင့်တဲ့အတွက် သူ့လိုင်းနဲ့သူ အဆင်ပြေအောင် ဝယ်ယူရမယ် ၊ ကျောက်ဈေးကွက်က အေးနေတယ်ဆိုပေမယ့်  ကျောက်ဈေးနှုန်းက ခန့်မှန်းရခက်ပါတယ်၊ အခုအချိန် ကလည်း  ကျောက်ကုန်ကြမ်းထုတ်လုပ်ရရှိမှုက မရေရာ မသေချာတော့ဖူးလေ” ဟု ကျောက်စိမ်းအတွဲလာရောက် ဝယ်ယူသူ မန္တလေးမြို့မှ ကုန်သည်တစ်ဦးက ဆိုသည်။

ပြပွဲကို ဇွန် ၈ ရက်မှ ဇွန် ၁၀ ရက်နေ့အထိ ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေးနိုင်ပြီး ဈေးနှုန်းတင်သွင်းလွာများကို တစ်ရက်လျှင် ကျောက်အတွဲ ၁၀၅၀ အား ဇွန်၁၀ ရက်နေ့ ညနေ ၅ နာရီ နောက်ဆုံးထား၍ တင်ဒါပုံးများအတွင်း ထည့်သွင်း၊ ဝယ်ယူခြင်း ပြုလုပ်ရမည်။ 

ဇွန် ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ဒါပုံးများအား  ဖွင့်ဖောက်စစ်ဆေး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်၊ ကျောက်အတွဲ တင်ပြရောင်းချသူများ၊ ကျောက်အတွဲ ဝယ်ယူသူများအတွက် လိုက်နာရမည့် ပြပွဲဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ထုတ်ပြန်ကြော်ညာထားကြောင်း အဆိုပါပြပွဲသို့ ပြည်တွင်းကျောက်မျက်ကုန်သည် ၁၅၀ဝ ဦးခန့် လာရောက်ဝယ်ယူကြကြောင်း  မြန်မာ့ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ သိရသည်။

ခွန်(ဝင်းပ)