နေပြည်တော်  ၇  အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် တောင်အာဖရိကနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား များသည် ယနေ့တွင် ပရီတိုးရီးယားမြို့ရှိ မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲ စတင်ပေးကြရာ မဲဆန္ဒရှင်(၉)ဉီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ မဲဆန္ဒရှင်(၁၇)ဉီး လာရောက် ကြိုတင်ဆန္ဒမ ပေးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မြန်မာသံရုံး(၅)ရုံး၌ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေးကြရာ မြန်မာသံရုံး၊ ဘန်ကောက်မြို့၌ မဲဆန္ဒရှင် (၇၉၁) ဉီး၊ မြန်မာသံရုံး၊ ကိုင်ရိုမြို့၌ မဲဆန္ဒရှင် (၇၁)ဉီး၊ မြန်မာသံရုံး၊ စင်ကာပူမြို့၌ မဲဆန္ဒရှင် (၁၇၀၀)ကျော်ခန့်၊ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မဲဆန္ဒရှင် (၉၃)ဉီးနှင့် မြန်မာသံရုံး၊ တိုကျိုမြို့၌ မဲဆန္ဒရှင် (၄၀၂)ဉီး လာရောက် ဆန္ဒမဲပေးခဲ့ကြသည်။

 

ကြိုတင်ဆန္ဒမဲပေးရန် မြန်မာသံရုံးများသို့ရောက်ရှိလာသည့် နိုင်ငံသားများအား COVID-19 ရောဂါ တားဆီး ကာကွယ်ရေးဆိုင်ရာ ချမှတ်ထားရှိသည့် သတ်မှတ်ချက်များနှင့်အညီ သံရုံးအဝင်ဝများတွင် ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊  Face Mask ဖြန့်ဝေတပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ကြပြီး သက်ဆိုင်ရာနိုင်ငံအလိုက် COVID-19 တားဆီးကာကွယ်ရေး အစီအမံကိုလည်း အလေးထား လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ယနေ့တွင် မြန်မာသံရုံး (၆)ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး(၁)ရုံးတို့တွင်  ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြသည်။

 

နိုင်ငံပြင်ပသို့ရောက်ရှိနေသာ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးရန် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ နေ့ရက်အလိုက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၈ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးများတွင် မဲရုံများ စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၉ ရက်တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးနှင့် ဂျပန်နိုင်ငံ နာဂိုယာမြို့တို့တွင် မဲရုံများ စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်