တောင်ကြီး ဇွန် ၁၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊​ တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်သုံးမြို့နယ်မှ ကျေးရွာများတွင် အဝီစီစက်ရေတွင်း တူးဖော်နိုင်ရန် သန့်ရှင်းကောင်းမွန်သည့် မြေအောက်ရေအောင်းလွှာ တည်ရှိမည့်နေရာကို ဇွန် ၁၂ ရက် နံနက်ပိုင်းက  Geophysical  Survey (GP) တိုင်းတာမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ​တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဦးဇော်ဝင်းထွန်း၊ မြို့နယ်အင်ဂျင်နီယာ ဝန်ထမ်းများ၊ မြေအောက်ရေ တိုင်းတာရေး တာဝန်ခံဝန်ထမ်းများက တောင်ကြီးမြို့နယ် ငိုမှူးကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ကလောမြို့နယ် ဘော်နင်းကျေးရွာ၊ ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာတို့တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများ၊ ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ မြေအောက် ရေအောင်းလွှာ တည်ရှိမည့်နေရာကို လက်‌တွေ့ကွင်းဆင်းကာ GP Survey တိုင်းတာမှုများ ပြုလုပ်ခဲ့ကြသည်။ 

 

အဆိုပါ ​GP Survey တိုင်းတာခြင်းကြောင့် အဝီစိစက်ရေတွင်းနှင့် တွင်းနက်တူးဖော်‌ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေထွက်နည်းခြင်း၊ ရေအရည်အသွေး ကောင်းမွန်မှုမရှိခြင်း စသည့်အခက်အခဲများ လျော့နည်းစေပြီး လေလွင့်ဆုံးရှုံးမှု နည်းပါးစေကြောင်း တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသင်းမင်းလတ်ထံမှ သိရသည်။

 

ချိုသန်းညွန့်(ကျေးလက်)