တောင်ကြီး ၁၁ မေ
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်ကို ယနေ့ည ၇ နာရီခွဲက တောင်ကြီးမြို့ လွတ်လပ်ရေးကျောက်တိုင် အားကစားကွင်းခန်းမ၌ ကျင်းပသည်။
ငြိမ်းချမ်းရေးဓမ္မသဘင်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က “မေတ္တာလွှမ်းမှ ငြိမ်းချမ်းမယ်” တရားတော်ကို ဟောကြားချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၏ဇနီး ဒေါ်နန်းရွှေမြင့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားများနှင့် တောင်ကြီးမြို့မှ တရားချစ်ခင်သူတော်စင်များက တရားတော်ကို နာယူကြည်ညိုကြသည်။ တရားပွဲအပြီးတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူရှင်များက အလှူငွေများလှူဒါန်းပြီး တာဝန်ရှိသူများက ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယနေ့နံနက် ၅ နာရီခွဲက ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ကြပြီး ဆရာတော် သံဃာတော်များအား ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အာရုဏ်ဆွမ်းဆက်ကပ်သည်။

ထို့နောက် နံနက် ၇ နာရီတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် တောင်ကြီးမြို့ (၈)လေးလုံးဆရာတော်တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာ စေရန်ရည်သန်၍ ငြိမ်းချမ်းရေးဂျိုးငှက်များ လွှတ်ပေးကြသည်။ ယင်းနောက် နိုင်ငံသူ နိုင်ငံသားများ အကြပ်အတည်း အခက်အခဲကင်းဝေးစေရန် ရည်သန်၍ ထာဝရငြိမ်းချမ်းရေး ပရဝဏ်ဥယာဉ်အတွင်း ထားရှိရန် ဥဒေါင်းငှက်နှစ်ကောင်အား တောင်ကြီးမြို့ (၈)လေးလုံး ဆရာတော်ကိုယ်စား တပည့်တကာများက ပေးအပ်လှူဒါန်းရာ ဆရာတော်အရှင် ဆန္ဒာဓိက၏ တပည့်ဒါယိကာများက လက်ခံရယူသည်။
(ဟန်လင်းနိုင်၊ ဓာတ်ပုံ-စိုင်းသန်းကျော်)