နေပြည်တော်၊ အောက်တိုဘာ ၃၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရွှေညောင် -တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းဖွင့်ပွဲအား ဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၏ သာယာလှပသော ရှုခင်းများအား စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများလိုက်ပါ၍ တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး ရထားခရီးစဉ်ကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ အခမဲ့ပြေးဆွဲ ပေးခဲ့ကြောင်း သိရသည်။
အခမဲ့ပြေးဆွဲ
ယခုအခါ သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်ခြင်း၊ ရထားစီးနင်းသူများပြားခြင်းကြောင့် အောက်တိုဘာ ၃၀ ရက်တွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကြောင့် ထပ်မံ၍အခမဲ့ပြေးဆွဲပေးခဲ့သည်။
ခရီးစဉ်၌ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း ၂၅၅ ဦး လိုက်ပါ စီးနင်းခဲ့ကြောင်း သိရသည်။ တောင်ကြီး-ပေါမူ ခရီးစဉ်သည် တောင်ကြီးမြို့မှ စတင်ထွက်ခွာသည်နှင့် တောင်ကြီးမြို့၏ အထင်ကရနေရာ မီးပုံးပျံကွင်းကြီးကို ရထားပေါ်မှနေ၍ ကြည့်ရှုခံစားရခြင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသော မြို့ပြမြင်ကွင်းများကို ရထားပေါ်မှ ကောင်းစွာမြင်နိုင်ပြီး စိတ်လက်ကြည်လင်အေးချမ်းစေခြင်း၊ မြန်မာ့မီးရထား၏ ဒုတိယဘဝ သံသရာတံတားအား ဖြတ်သန်းစဉ် အဝေးဆီမှ တောင်တန်းများ၊ ကွင်းပြင်ကျယ်များကို ရှုမျှော်ခံစားနိုင်ခြင်း၊ ထီသိမ်ဘူတာသို့ ရထားဆိုက်ရောက် ရပ်နားချိန် ၁၅ မိနစ်အတွင်း ဘူတာအထက်ဘက်ရှိ ရှုရပ်မှနေ၍ ထီသိမ်အဝိုင်းပတ် (ဘဝသံသရာတံတား) အား အပေါ်စီးမှနေ၍ ကြည့်ရှုခြင်း၊ အဝေးဆီမှ ထီသိမ်ဘုရား၊ မြေပြို ဘုရားများကို ကြည်ညိုဖူးမြော်နိုင်ခြင်း၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများ စသည့်တောင်တန်းနှင့် သဘာဝအလှအပ ရှုခင်းများကို ကြည့်ရှုခံစားနိုင်ခြင်းတို့ကြောင့် စိတ်လက်အေးချမ်းပျော်ရွှင်မှုရရှိ ကြောင်း ရထားပေါ်တွင် လိုက်ပါစီးနင်းကြသူများထံမှ သိရသည်။
နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အဆိုပါ တောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် နှုန်းထားသတ်မှတ်ပြီး ပြေးဆွဲပေးရန်စီစဉ်ထားရှိသည်။ ထို့အတူ ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ ရထားအဆိုင်းလိုက် (တစ်စင်းလုံး) ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စိတ်လက် အေးချမ်းပျော်ရွှင်စွာ ရထားစီးပြီး အပန်းဖြေသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်