တောင်ကြီး၊ အောက်တိုဘာ ၁

 

(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တက်ရောက် အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုက မြန်မာနိုင်ငံငံ ရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်၊ ရဲကျော်သူ တံဆိပ်များရရှိသော တပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင် တံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် လက်ရုံးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ အမှတ် (၄) ရဲလေ့ကျင့်ရေးသင်တန်း ကျောင်းအုပ်ကြီး ရဲမှူးကြီးဗညားဦးက လက်ခံရယူသည်။

 

ထို့နောက် လုပ်ငန်းစွမ်းရည် ထူးချွန်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး တို့က လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများ ဖမ်းဆီးရမိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအား တစ်ဆင့်မြင့် ရာထူးတံဆိပ် တပ်ဆင်ပေးရန်နှင့် ဂုဏ်ပြုဆုငွေများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တို့က လည်းကောင်း၊ လုပ်ငန်းစွမ်းရည် ထူးချွန်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား တစ်ဆင့်မြင့် ရာထူးတံဆိပ် တပ်ဆင်ပေးရန်နှင့် ဂုဏ်ပြုဆုငွေများကို အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းအုပ်ကြီး ရဲမှူးကြီးကလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။

 

ယင်းနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသ၍ ဆုရရှိသည့် တပ်ဖွဲ့ဝင်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြခန်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

မောင်မောင်သန်း(တောင်ကြီး)