တောင်ကြီး ဇန်နဝါရီ ၄
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် တောင်ကြီး မြို့ရှိ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အလံတင်အခမ်းအနားကို ကျင်းပရာ အလံတင်တပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံအား တိုင်ထိပ်သို့လွှင့်ထူပေးကာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တက်ရောက်လာ ကြသူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ စစ်ရေးပြတပ်ခွဲသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ၊ တပ်မတော်သားများအား အလေးပြုကာ စစ်ရေးပြတပ်ခွဲက သစ္စာအဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုကြသည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


