တောင်ကြီး      ၁၉       သြဂုတ်         

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ထိန်သာဟိုတယ်၌ ယနေ့ နံနက် ၉ နာရီခွဲက အိမ်တွင်း အကြမ်းဖက် မှုများ လျှော့ချရန်အတွက် သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

 

သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စဝ်ဟေမသိုက်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော်က ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း စသည့်ခေါင်းစဉ်များဖြင့် ပို့ချကြောင်း သိရသည်။ 

 

အိမ်တွင်းအကြမ်းဖက်မှု လျှော့ချရေးနှင့်ပတ်သက်၍ “COVID-19 ကာလအတွင်း အလုပ်အကိုင်များ နားထား ရတဲ့အတွက် အိမ်တွင်းမိသားစု အဆင်မပြေမှုများကြုံတွေ့နေရပြီး ဘယ်လိုပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းရမည် ဆိုတာနဲ့ အိမ်တွင်းအကြမ်းဖက်မှုကို လျှော့ချနိုင်ဖို့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီသင်တန်း ကို ဖွင့်ရခြင်းဖြစ်တယ်။ အမျိုးသမီးများ အဖွဲ့ဖြင့် ရပ်ရွာအတွင်းမှာ ဘယ်လိုပြဿနာဖြစ်နေတယ်ဆိုတာ ဖြေရှင်းဖို့ ချိတ်ဆက်မိမှာဖြစ်တယ်။ ဒီသင်တန်းကို အာရှဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ပထမဆုံးအကြိမ် ဖွင့်လှစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုဟာ ရာအိမ်မှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နှင့် ဦးစွာတွေ့ရှိရပါတယ်။ ဒီသင်တန်းကိုတော့ COVID-19 ကာလမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး တောင်ကြီးမြို့မှာပဲ ဖွင့်ပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုမှာ အမျိုးသားရော အမျိုးသမီးပါ အကောင်းဆုံး အပြုသဘောဆောင်သည့် လက္ခဏာကို ဖော်ဆောင်မှသာ အိမ်တွင်းငြိမ်းချမ်းမှု ရရှိမယ်” ဟု ကမ်းလက်မေတ္တာဖွံ့ဖြိုးရေး အဖွဲ့အစည်း တာဝန်ခံ ဒေါ်ကိန္နရီက ပြောသည်။

 

အဆိုပါသင်တန်းကို သြဂုတ် ၁၉ ရက်မှ  ၂၀ ရက်ထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းကို လူဦးရေ ၃၀ တက်ရောက်ကာ အိမ်တွင်းအကြမ်းဖက်မှု အမျိုးအစား၊ အိမ်တွင်းအကြမ်းဖက်မှု ဥပဒေခေါင်းစဉ်များဖြင့် တောင်ကြီးတက္ကသိုလ် ဥပဒေပညာဌာနမှ ဥပဒေအရာရှိ ပါမောက္ခ ဒေါက်တာယဉ်ယဉ်ဝင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော်တို့က ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မောင်မောင်သန်း(တောင်ကြီး)