တောင်ကြီး မေ ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်နှင့်တည်းခိုရိပ်သာများအတွက် အခြေခံဝန်ဆောင်မှုသင်တန်းကို မေ(၁၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ Royal Taunggyi Hotel ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း အရင်းအမြစ်များ ကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်တွင်း ပြည်ပဧည့်သည်များ လာရောက်လည်ပတ်ရာ ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် ယခုကဲ့သို့ ခရီးသွားလုပ်ငန်းအတွက် ရေခံမြေခံကောင်းများ၊ အလားအလာကောင်းများတည်ရှိရာ ဒေသတစ်ခုဖြစ်သည့်အတွက် အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းဖြစ်စေရန် မသန်စွမ်းသူများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းကို စမ်းသပ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း၊
မသန်စွမ်းသူများလည်း လူသားများဖြစ်သည့်အတွက် ၎င်းတို့မှာခရီးသွားလာခွင့်၊ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့် အစရှိသည့် အခွင့်အရေးများ ရှိပါကြောင်း၊ ယခုလိုသင်တန်းမျိုးကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့တွင် ၂၀၂၂ခုနှစ် မေလ(၃)ရက်မှ(၅)ရက်နေ့ထိဖွင့် လှစ်ပို့ချပြီးဖြစ်၍ တောင်ကြီးမြို့တွင် ယခုဖွင့်လှစ်ရခြင်း ဖြစ်ပြီး ညောင်ရွှေမြို့တွင် မေလ(၁၇)ရက်တွင် ဖွင့်လှစ်မှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း၊ မြောက်ပိုင်း)တို့တွင် အလားတူသင်တန်းများကို ဖွင့်လှစ်ပို့ချနိုင်ရန် သက်ဆိုင်ရာဌာနများ အနေဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်ကို သိရပါကြောင်း၊ ယခုကဲ့သို့ မသန်စွမ်းများအတွက် အသိပညာပေးခြင်း၊ ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိမိတို့ဟိုတယ်၊မိမိတို့ဒေသ၊ မိမိတို့ပြည်နယ်၏ ပုံရိပ်ကို မြှင့်တင်ပေးရာ ရောက်ပါကြောင်းနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာတာနှင့်အမျှ ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူး ဦးထင်အောင်နိင်က သင်တန်းဖွင့်လှစ်ရသည့် အကြောင်းအရာနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ကြကြောင်းနှင့် အဆိုပါသင်တန်းကို သင်တန်းသား/သူ (၅၀)တက်ရောက်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


