တောင်ကြီး  ၂၂  သြဂုတ် 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ တောင်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မှန်ကန်သော မဲဆန္ဒရှင် စာရင်းများ ပြုစုနိုင်ရေးနှင့်မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီက တစ်အိမ်တက်၊ တစ်အိမ်ဆင်းစနစ်ဖြင့် ရပ်ကွက်ကျေးရွာများအရောက် မြေပြင်ကွင်း ဆင်း၍ တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

 

တောင်ကြီးမြို့ပေါ်ရှိ ချမ်းမြသာစည်ရပ်ကွက်နှင့် ရေအေးကွင်းရပ်ကွက်တို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်ရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်ကျေးရွာစာရေးတို့က ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအထိ ကွင်းဆင်းပြီး မဲဆန္ဒရှင်စာရင်း၊ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း   ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးပေးခဲ့ကြသည်။

 

ရွေးကောက်ပွဲတွင် မှန်ကန်စော မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုမရှိစေရေးအတွက် အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင်ပါ/မပါ စစ်ဆေးခြင်း၊ ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး ပုံစံ(၃-က)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် အမည်မပါဝင်သူများ ပုံစံ(၃)ဖြင့် လည်းကောင်း လျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်းများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်မှားယွင်းမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်စေရေးအတွက် ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ပေးနေကြကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)