ကျောက်တလုံးကြီး ဩဂုတ်  ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းနှင့် The Union အဖွဲ့တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် တီဘီရောဂါ ရှာဖွေတွေ့ရှိမှုနှုန်း မြှင့်တင်ရေးစီမံချက်ဖြင့် ဒေါက်တာအိအိချော ဦးဆောင်သော တောင်ကြီးမြို့နယ် Mobile TB Team အဖွဲ့နှင့် ကျောက်တလုံးကြီးမြို့ ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး တိုက်နယ်ပြည်သူ့ဆေးရုံတွင် ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက တီဘီရောဂါ အခမဲ့ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်နှင့်အညီ တီဘီရောဂါသည်များ၊ တီဘီရောဂါ သံသယရှိသူများနှင့် တီဘီရောဂါသည် မိသားစုဝင်များအား ကြိုတင်စာရင်း ကောက်ယူခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ ဓာတ်မှန်ရိုက်ပေး ခြင်း၊  သလိပ်စစ်ဆေးပေးခြင်းနှင့် တီဘီရောဂါရှိသူများအား တီဘီရောဂါ ဆေးဝါးများ အခမဲ့ ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဒေါက်တာအိအိချောက တီဘီရောဂါ ကာကွယ်ရေး အသိပညာ‌ပေး လုပ်ငန်းဆောင်ရွက်ရာတွင် တီဘီရောဂါ ကူးစက်နိုင်သော နည်းလမ်းများ၊ ရောဂါ လက္ခဏာများ၊ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးနိုင်သော နည်းလမ်းများ၊ ရောဂါပျောက်ကင်းသည်ထိ အခမဲ့ ကုသပေးနေသော နေရာများအား အသိပညာပေး ဟောပြောခဲ့သည်။

စည်သူ(ပြန်/ဆက်)