တောင်ကြီး ၁၈ သြဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်တွင် တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်၍ မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် COVID-19 ရောဂါကာကွယ်ရေး အမိန့် ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေးအစီအမံများ ရှင်းလင်းဆွေးနွေးပွဲကို ခရိုင်/မြို့နယ် စုပေါင်းရုံးဝင်း အတွင်းရှိ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်က မဲစာရင်းကပ်ခြင်း၊ မဲစာရင်းကျန်ခြင်း၊ မိဘအမည်မှားယွင်းခြင်း၊ မွေးသက္ကရာဇ်မှားယွင်းခြင်း၊ နိုင်ငံသားစိစစ်ရေးအမှတ် မှားခြင်းနှင့် ကွက်လပ်ဖြစ်နေခြင်း၊ အမည်စာလုံးပေါင်းသတ်ပုံနှင့် သံတူကြောင်းကွဲမှားယွင်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်၊ နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်နှင့် ဆယ်အိမ်မှူးများ လမ်းမှူးများက ပြည်သူများသိရှိအောင် အမျိုးမျိုးသောနည်းဖြင့်အသိပေးခြင်း၊ မဲစာရင်းတိကျ မှန်ကန်ရေးပြန်လည်စိစစ်ခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုများ ကွင်းဆင်းစိစစ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းစသည့် အချက်များဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် စနစ်တကျ မဲပေးနိုင်ရေး အစီအမံများ ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။
ဆက်လက်၍ တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းရွှေမှ COVID-19 ရောဂါ ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ စနစ်တကျမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် ပတ်သက်၍ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများမှ မဲစာရင်းများ မှန်ကန်ရေးနှင့် စနစ်တကျမဲပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌမှဖြည့်စွက် ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တောင်ကြီးခရိုင် အတွင်းရှိ တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ ကလော၊ ဖယ်ခုံ မြို့နယ်များမှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌများ တက်ရောက်ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)