တောင်ကုတ် ၃  နိုဝင်ဘာ 

တောင်ကုတ်မြို့နယ်၊ ကံပိုင်တိုးချဲ့ရပ်ကွက်၊ လယ်ကွင်းအတွင်း စိုက်ထူထားရှိသည့် တယ်လီနော  တာဝါတိုင်အမှတ် (RAT – 30400) သည် ယနေ့ မွန်းလွဲ ၁ နာရီကျော်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာဝါတိုင်တွင် အသုံးပြုသော မီးစက်မှာ လွန်ခဲ့သော ၁၅  ရက်ခန့်က ပျက်စီးနေသဖြင့် လတ်တလော အသုံးပြုနိုင်ရန် မီးစက်အသေးဖြင့် မောင်းနှင်ခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာဝါတိုင်တာဝန်ခံ ဦးလှိုင်ကျော်ထက်၏ ပြောကြားချက်အရသိရသည်။

မီးလောင်မှုကို တောင်ကုတ်တပ်နယ်မှ ဒုတိယ ဗိုလ်မှူးကြီး အောင်ဇော်လင်းဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးသန်းနိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး   ဦးဆွေလင်းမောင် နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မီးသတ်ယာဉ် နှစ်စီး ၊ ရေသယ်ယာဉ် တစ်စီး အထောက်ကူပြု ယာဉ် တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် တာဝါတိုင် စက်ရှိ Control Center Box တစ်လုံး ၊ Battery Box တစ်လုံး နှင့် ၇ ကီလို မီးစက်တစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

နေမျိုးအောင် ( ခရိုင် ပြန်/ဆက်  )