လိပ်သို ၉ အောက်တိုဘာ
တောင်ငူ-လွိုင်ကော် ပြည်ထောင်စုလမ်းမ လိပ်သိုမြို့အ၀င် မိုင်တိုင်အမှတ် ၃၁/၃-၄ အကြားရှိ မိုးရေတိုက်စားမှု ကြောင့် မြေပြိုမှုနှင့် လမ်းသားပဲ့ကျမှုများ ဖြစ်ပေါ်ခဲ့ရာ မော်တော်ယာဉ်များနှင့် ခရီးသွားလာသူ ဒေသခံ ပြည်သူများအနေဖြင့် သတိကြီးစွာ ဖြတ်သန်း မောင်းနှင်ခဲ့ကြရကြောင်း သိရသည်။
ယခုအခါ လိပ်သိုမြို့ လမ်းဦးစီးဌာနမှ မြို့အင်ဂျင်နီယာ ဒေါ်နုနုထွေး (မြို့ပြ)၏ ဦးဆောင်မှုနှင့် အငယ်တန်း အင်ဂျင်နီယာ-၄ (မြို့ပြ) ဦးစောမိုးထက်ထက်ကျော်တို့၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ယာယီမျောတုပ်ရိုက်၊ မြေကာနံရံနှင့် လမ်းသားပဲ့ကျမှုများ ဖြစ်ပေါ်နေသော နေရာများအား ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးပြီ ဖြစ်၍ ခရီးသွားလာသူပြည်သူများအနေဖြင့် အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပြုပြင်ရေးလုပ်ငန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပံ့ပိုးရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပြီး အလျား ၅၅ ပေ၊ အမြင့် ၄၀ ပေ ရှိကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


