တောင်ငူ ၃ နိုဝင်ဘာ
တောင်ငူအကျဉ်းထောင်မှ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် အချုပ်သား ၁၂၅ ဦးသည် ယနေ့ နံနက်ပိုင်းက ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲများ ကောက်ယူရာတွင် အကျဉ်းထောင်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အချုပ်ကျခံလျက်ရှိသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော အမျိုးသား ၁၁၄ ဦး နှင့် အမျိုးသမီး ၁၁ ဦး အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်မဲပေးနိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ်အတွင်း အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးချင်သူများအတွက် စာရင်းကောက်ခံပြီး ရွေ့လျားစနစ်ဖြင့် ကြိုတင်မဲများ ကောက်ခံခြင်း၊ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကောက်ခံလျက်ရှိရာ နိုဝင်ဘာ ၂ ရက်နေ့ထိ စာရင်းအရ ကြိုတင်ဆန္ဒမဲပေးသူ ၂၃၈၇၂ ဦးရှိကြောင်း သိရသည်။
တောင်ငူမြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု ၆၄ အုပ်စုတွင် မဲရုံပေါင်း ၁၉၃ ရုံ ထားရှိသွားမှာ ဖြစ်ကာ ဆန္ဒမဲပေးနိုင်သူဦးရေ ၁၉၀၀၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။
သူရ (တောင်ငူ)