တောင်ငူ ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မိုင်ဒါကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပြခန်းများနှင့် စျေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် မြို့မိမြို့ဖ ဦးမြင့်သူတို့က အမှာစကားပြောကြားသည်။ ထို့နောက် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ ဌာနဆိုင်ရာပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ကို လှည့်လည်ကြည့်ရှုအားပေးသည်။
အားကစားပြိုင်ပွဲအဖြစ် ဘော်လီဘော၊ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ လွန်ဆွဲပွဲ၊ ရိုးရာခြင်းအလှခတ်၊ စက်ဘီးအပျော်စီးပွဲတော်၊ မိုက်ခရို မာရသွန်ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတို့ကို ကျင်းပလျက်ရှိပြီး ဌာနဆိုင်ရာပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ကြီးကို ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


