တောင်ငူ ဇန်နဝါရီ ၇

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

 

ထိုသို့ကျင်းပရာတွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက အခမ်းအနားကို ဘက်စုံပညာဆီ ဒို့လှမ်းချီသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး တောင်ငူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က အမှာစကား ပြောကြားသည်။ ထို့နောက် တောင်ငူမြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းက ပညာရေးစုံညီပွဲတော်နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးသည်။

 

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသား ကျောင်းသူဆု၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောဆုရရှိသည့် ကျောင်းများ၊ အာဆီယံအဆင့် ဘတ်စကက်ဘောပြိုင်ပွဲဆု၊ ဗဟိုအဆင့်(တတိယ) ဆို၊ က၊ ရေး၊ တီး(ဂီတာ) ပြိုင်ပွဲဆု၊ National ICTဆု၊ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို(တောင်ငူ)