တောင်ငူ ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြု ထုတ်ပေးလျက်ရှိရာ ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက မင်းကြီးညိုလမ်း (၁၉)ရပ်ကွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး   ဦးစီးဌာန အစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန များမှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်၊ နာရေးစရိတ်၊ ယာယီမသန်စွမ်းမှု၊ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးလူမှုဖူလုံရေး တိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လူမှုဖူလုံရေး တိုင်းတာဝန်ခံ အရာရှိက တောင်ငူဒေသ (သစ်ထုတ်လုပ်ရေး)မှ အာမခံအလုပ်သမား ဦးသိန်းထိုက်၏ လုပ်ငန်းခွင်ထိခိုက် သေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၉၀၀၀၀၀၀ ကို   အစ်ကိုဖြစ်သူ ဦးယုတင်ထံသို့လည်းကောင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးသီတာစန်းက   မြန်မာ့မီးရထားအလုပ်ဌာနမှ   အာမခံ အလုပ်သမား ဦးမျိုးဝင်း၏ နာရေးစရိတ်အကျိုးခံစားခွင့် ငွေကျပ် ၉၉၀၀၀၀ ကို ဇနီးဖြစ်သူ ဒေါ်စန်းထံသို့ လည်းကောင်း၊ ကျန်ယာယီ မသန်စွမ်းမှု၊ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရသူများအား တာဝန်ရှိသူများက ကာယကံရှင်များထံသို့ ပေးအပ်ခဲ့ကြောင်းနှင့် ယနေ့တွင် အကျိုးခံစားခွင့် စုစုပေါင်းငွေကျပ် ၁၁၄၈၄၅၂၁ ဒသမ ၈၇ ကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)