တောင်ငူ ၁၃ မေ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် (Mobile) ယာဉ်ဖြင့် မေလ ၁၃ ရက် နံနက်ပိုင်းမှစတင်ကာ လဲဘူးကျေးရွာတွင် ပထမဦဆုံးအကြိမ် စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(တောင်ငူ)တာဝန်ခံ ဦစည်သူဝင်းက " တောင်ငူ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စာအုပ်စာပေ အလွယ်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် (Mobile) ယာဉ်ဖြင့် ကလေးစာပေမှအစ သုတ၊ ရသ စာအုပ်စာပေ စာအုပ်ပေါင်း(၂၀ဝ၀) ကျော်ကို ကွန်ပျူတာ Software စနစ်နဲ့ တနင်္လာနေ့မှ သောကြာနေ့ အထိ(၅)ရက် အလှည့်ကျလိုက်လံငှားပေးသွားမည်ဖြစ်ကြောင်း ၊ တစ်ဦးလျှင် စာအုပ်ငှားခွင့်ရအောင် အသင်းဝင်ကတ် တစ်ခုစီ လုပ်ပေးထားပြီး တစ်ခါငှားရင် စာအုပ်(၂)အုပ်၊ ငှားခွင့်ကာလက (၂)ပတ်အထိ ငှါးရမ်းနိုင်ကြောင်း " ပြောကြားသည်။
"အရင်ကတော့ စာကြည့်တိုက်မှာ သွားပြီးတော့ ငှားရမ်းဖတ်ဖြစ်ပါတယ်။ အခုလို ကျေးရွာအထိအရောက် လိုက်လံငှာရမ်းပေးတာက ပိုကောင်းတာပေါ့။ အချိန်မကုန်တော့ဘူး၊ လူတိုင်းအတွက်လဲ စာပိုဖတ်ဖြစ်တာပေါ့ " ဟု စာအုပ်လာရောက်ငှါးရမ်းသူ တစ်ဦးက ပြောကြားသည်။
ဇော်ထက် (IPRD)