ကူမင်း ၁၁ ဇွန်
၂၀၁၉ ခုနှစ် တောင်နှင့် အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ကူမင်းမြို့ရှိ Haigeng Convention Center ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် ရင်းနှီးမြှုပ်နှံကုန်သွယ်မှုဆွေးနွေးပွဲ အလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး ကျန်းကိုဟွာက ကုန်စည်ပြပွဲသည် ရပ်ဝန်းနှင့် ပိုးလမ်းမကို အထောက်အကူပြုပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာသမားများ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ဖြေကြားပေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲသို့ ဒေသတွင်းမီဒီယာများအပြင် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ သတင်းမီဒီယာသမားများ တက်ရောက်သတင်းရယူခဲ့ကြသည်။

ထို့ပြင် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ သတင်းမီဒီယာ သမားများသည် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ယွီရှီးမြို့ Hilton Hotel ၌ ပြုလုပ်သည့် ဒုတိယအကြိမ် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်သတင်းရယူကြခဲ့ကြကြောင်း သိရသည်။

ဒုတိယအကြိမ် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ဇော်မင်းအောင်၊ စန္ဒာထွန်း