မန္တလေး ၂၁ မေ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် ဦးပိန်တံတား နေဝင်ဆည်းဆာကြည့်ရှုသော ပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးလျက်ရှိသောကြောင့် ငှက်လှေအငှားလိုက်သူများ အဆင်မပြေကြောင်း တောင်သမန်အင်းတွင် ငှက်လှေအငှားလိုက်သူတစ်ဦးထံက သိရသည်။

 

707

 

ဦးပိန်တံတားကို ယခုလတွင် နေဝင်ဆည်းဆာကြည့်ရှုသော ပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးကြောင်း သိရသည်။ “ဒီအချိန်က ဈေးဦးကို မပေါက်တဲ့ရက်တွေများတယ်။ လာမယ့်ဇွန်လလောက်ထိ နည်းနိုင်သေးတယ်။ တရုတ်ခရီးသွားအချို့ လာရောက်မှုကြောင့်သာ အနည်းငယ်အဆင်ပြေနေတာ။ သူတို့ကလည်း ပုံမှန်မရှိဘူး၊ စီးချင်မှစီးတာ၊ ဧပြီလနောက်ပိုင်းမှာ အနောက်နိုင်ငံတွေက ခရီးသွားများ အလာကျဲသွားပေမယ့် တရုတ်ခရီးသွားတွေက ညနေပိုင်းမှာ လာရောက်မှုရှိတယ်၊ ခရီးသွားကုမ္ပဏီများရဲ့ သတင်းအချက်အလက်များအရ လာမယ့် ဇူလိုင်လလောက်မှာ အနောက်နိုင်ငံများက ခရီးသွားများ ဝင်ရောက်လာမယ်လို့ သိရတယ်” ဟု ငှက်လှေအငှားလိုက်သူ ကိုသိန်းဦးက ပြောပြသည်။

 

792

 

လက်ရှိတွင် တောင်သမန်အင်းအတွင်း၌ ငှက်လှေအစီးရေ (၄၃)စီးသာရှိပြီး ပြည်ပခရီးသွားများအတွက် ငှက်လှေဝန်ဆောင်မှုအဖြစ် ငှက်လှေတစ်စီးလျှင် လူ(၄)ဦးအထိ အများဆုံးတင်ဆောင်ပြီး တစ်စီးလျှင် ငွေကျပ်နှစ်သောင်း၊ ပြည်တွင်း ဧည့်သည်များအား တစ်စီးလျှင် ငွေကျပ်ရှစ်ထောင်ကျပ်ဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွား ဧည့်သည်ကတော့ မစီးသလောက် နည်းပါးကြောင်း၊ ပြည်ပခရီးသွား အများစုသည် ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် လာရောက်ခြင်းဖြစ်ပြီး ငှက်လှေစီး၍ နေဝင်ဆည်းဆာကြည့်ရှုရန် ကြိုတင်ငှားရမ်းလေ့ရှိကြောင်း၊ ယခုရက်ပိုင်း ပြည်ပခရီးသွားအများစုသည် ညနေပိုင်းများတွင် တစ်ရက်လျှင် သုံးရာဦးခန့် လာရောက်သော်လည်း ငှက်လှေစီးသူ နည်းပါးကြောင်း၊ ၎င်းက ဆက်ပြောသည်။

 

794

 

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပြည်ပခရီးသွား (၁၇၃၆၆၄)ဦး ဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပြည်ပခရီးသွား (၂၄၁၅၉၉)ဦး ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန စာရင်းများအရသိရပြီး ဝင်ရောက်မှုအများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)