နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တောင်သူလယ်သမားနေ့ အကြိုရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင်များအဖွဲ့က ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပွဲမှ အကောင်းဆုံးစာတမ်းဆုများနှင့် လယ်ယာကဏ္ဍ ဆိုင်ရာစွမ်းဆောင်မှု ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “နိုင်ငံ့စီးပွား မြှင့်တင်ဖို့ စိုက်ပျိုး ပညာဖြန့်ဝေစို့” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ (၂၇)ရက်မှ (၂၉)ရက်အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင်များအဖွဲ့၏ (၆)ကြိမ်မြောက် စာတမ်းဖတ်ပွဲတွင် အကောင်းဆုံး စာတမ်းဆုရရှိသူများကို ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင်များအဖွဲ့၏ (၆)ကြိမ်မြောက် စာတမ်းဖတ်ပွဲ၌ လက်တွေ့အသုံးချ စိုက်ပျိုးနည်းပညာ စာတမ်းများတင်သွင်းခဲ့ကြသည့် တက်သစ်စ လူငယ်ပညာရှင် စာတမ်းရှင်များနှင့် အတွေ့အကြုံကောင်းရှိသည့် ပညာရှင်စာတမ်းရှင်များ၏ အကောင်းဆုံး စာတမ်းဆု ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဂုဏ်ပြုဆုများချီးမြှင့်သည်။
ထို့နောက် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်းတွင် “သင်တန်းသားစံပြဆု” ရရှိသူနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) စာရေးဝန်ထမ်းကြီး ကြပ်သင်တန်းတွင် “သင်တန်းသား သေနတ်ပစ်ထူးချွန်ဆု” ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြပြီး မိုခါမုန်တိုင်းကျရောက်မှုကြောင့် ရခိုင်ပြည်နယ်ရှိ စပါးစိုက်ပျိုးထုတ်လုပ်ခြင်း ထိခိုက်မှုမရှိစေရန်အတွက် နှံကောက်စပါးမျိုး တင်း(၄၀၀) ထောက်ပံ့ပေးခဲ့သော ယွန်းလျှံမျိုးစေ့ကုမ္ပဏီနှင့် GW-11 စပါးမျိုး တင်း (၅၀၀၀) ထောက်ပံ့ပေးခဲ့သော ဂရိတ်ဝေါမျိုးစေ့ကုမ္ပဏီတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင်များအဖွဲ့၏ (၆)ကြိမ်မြောက် စာတမ်းဖတ်ပွဲတွင် စတုတ္ထ၊ ပဉ္စမနှင့် နှစ်သိမ့်ဆုရရှိကြသည့် စာတမ်းရှင်များ၊(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပေးအပ်ခဲ့သော “လယ်ယာစီးပွားထူးချွန်ဆု(တတိယအဆင့်)”ရရှိခဲ့သူ(၆)ဦးနှင့် ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပခဲ့သည့် (SEA Games)ပွဲစဉ် မသန်စွမ်း အလေးမပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ရရှိခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စာတမ်းဖတ်ကြားခဲ့သော ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း စိုက်ပျိုး ပညာပေးရေး၊ နည်းပညာပြန့်ပွားရေး၊ သတင်း အချက်အလက်များ မျှဝေရာတွင် သတင်းစာ၊ လူထု ဆက်သွယ်ရေးမီဒီယာများမှ ကျယ်ပြန့်စွာ အားကျိုးမာန်တက်ဆောင်ရွက်ခဲ့သည့် မြို့နယ်များကို ဆုများ ချီးမြှင့်ပေးအပ်သည်။
ယခုကျင်းပသည့် စာတမ်းဖတ်ပွဲ၌ စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင်များက ၎င်းတို့တာဝန်ကျရာ ဒေသများတွင် စူးစမ်းလေ့လာ၍ လက်တွေ့အသုံးချ စိုက်ပျိုးနည်းပညာများအဖြစ် ဖော်ထုတ်ပြုစုထားသည့် စာတမ်းများကို တင်သွင်းဖတ်ကြားခဲ့ကြခြင်း ဖြစ်ကြောင်း၊ မတူညီသော ရေမြေရာသီဥတု သီးနှံမျိုးများနှင့် စိုက်စနစ်များ အတွေ့အကြုံများကို တစ်နေရာတည်းတွင် စုံစုံလင်လင်လေ့လာခွင့် ဆွေးနွေးခွင့် အမြင်ချင်း ဖလှယ် နှီးနှောခွင့်ရရှိကြသဖြင့် စာတမ်းတင်သွင်းသူ လေ့လာသူအားလုံးအတွက် အကျိုးများစေခဲ့သည့်အပြင် စာတမ်းအတွက် ကြိုတင်ပြင်ဆင်လေ့လာမှုများမှ လက်တွေ့အချက်အလက်များကို ဆက်လက်ဆောင်ရွက် မည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အထောက်အကူပြုစေနိုင်ရေးနှင့် တောင်သူ နည်းပညာပြန့်ပွားရေးလုပ်ငန်းများတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)