ကောလင်း   ၇   ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းမှ စပါးစိုက်တောင်သူများအတွက် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မေ ၁၈ ရက်မှစ၍ ထုတ်ချေးပေးလျက်ရှိရာ ယခုအချိန်အထိ ကျေးရွာ ၁၈ အုပ်စုမှ တောင်သူ ၂၀၉၇ ဦး၏ စပါးစိုက်ဧက ၁၂၂၀၅ ဧကအတွက် ချေးငွေကျပ်သိန်းပေါင်း ၁၈၃၀၇ ဒသမ ၅ သိန်း ထုတ်ချေးထားပြီးကြောင်း သိရသည်။

 

အလားတူ ဇူလိုင် ၆ ရက်က ဆည်တိုကျေးရွာအုပ်စုနှင့် ဥမှင်ကုန်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၃၅၉ ဦး၏ စပါးစိုက်စိုက်ဧက ၂၆၀၃ ဧကအတွက် ငွေကျပ်သိန်း ၃၉၀၄ ဒသမ ၅ သိန်း ထုတ်ချေးပေး လျက်ရှိသည်။

 

ဆည်တိုကျေးရွာနေ တောင်သူ ဦးအောင်ဝင်းကလည်း “ကျွန်တော် လယ်ခုနစ်ဧက ပိုင်ဆိုင်ပါတယ်။ ကျောက်ဆည်ဧရာမင်း စပါးမျိုးစိုက်ပျိုးပါတယ်။ တစ်ဧကကို စပါးတင်း ၇၀ ခန့် ထွက်ရှိပြီး စပါး ၁၀ဝ လျှင် ၁၂ သိန်း ရောင်းရပါတယ်။ ခုနစ်ဧကအတွက် စိုက်ပျိုးကုန်ကျစရိတ် ကျပ် ၁၀ သိန်းခန့် ကုန်ကျပြီး အခုလိုတစ်ဧက ကျပ် တစ်သိန်းခွဲနှုန်း ထုတ်ချေးပေးသည့်အတွက် စိုက်ပျိုးစရိတ်ဖူလုံမှုရှိပြီး များစွာ အကျိုးကျေးဇူးဖြစ်ပါတယ်ဟု ပြောသည်။

 

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခုနှစ်အတွင်း ကျေးရွာအုပ်စု ၄၉ အုပ်စုမှ တောင်သူ ၁၁၂၅၀ ဦး အတွက် စပါးစိုက်ဧက ၇၁၄၀ဝ အတွက် ငွေကျပ်သိန်း ၁၀၇၁၀ဝ ခန့် ထုတ်ချေးပေးရန် လျာထား ကြောင်း ကောလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)