ချောင်းဦး ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြားဒေသများရှိ သီးနှံစိုက်ပျိုး လုပ်ကိုင်နေသည့် တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးပေးနေသော ချောင်းဦးမြို့ရှိ ပေါက်အင်း စိုက်ကွင်းတွင် ယခုနှစ် ဆောင်းရာသီသီးနှံ မျိုးကောင်း မျိုးသန့် မျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ဧက ၂၁၀၀ စိုက်ပျိုးထားကြောင်း သိရသည်။
ပေါက်အင်း စိုက်ကွင်းတွင် တာဝန်ယူဆောင်ရွက်နေသည့် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်မှ ပေါက်အင်းအတွင်း မျိုးကောင်းမျိုးသန့် သီးနှံ ဧက ၂၁၀၀ စိုက်ပျိုးထားကြောင်း၊ ပေါက်အင်းစိုက်ကွင်းအနေဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုး ထုတ်လုပ်ခြင်း၊ တောင်သူများအား မျိုးစေ့ဖြန့်ဖြူးပေးခြင်း၊ နည်းပညာများ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း၊ စိုက်ကွင်းအတွင်း ရေဆင်း-၁ စပ်မျိုးနေကြာ ၅၀ ဧက၊ ကုလားပဲ ရေဆင်း-၈၊ ရေဆင်း-၁၁၊ ရေဆင်း-၁၂ မျိုး ၁၆၁၀ ဧက၊ ဂျုံ ရေဆင်း-၁၂ မျိုး ၄၃၀ ဧက၊ နွေပဲတီစိမ်း ရေဆင်း-၁၄ မျိုး ၁၀ ဧက စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းနေကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ ရည်ရွယ်ချက်များအတိုင်း မျိုးသန့်တွေ စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးထုတ်လုပ်ပေးနေကြောင်း ပြောကြားသည်။ စိုက်ပျိုးရေး လုပ်ကိုင်ရာတွင် ဓာတုဆေးဝါးများ သုံးစွဲမှု လျှော့ချပြီး သဘာဝမြေသြဇာ ထည့်သွင်းခြင်းနှင့် သီနှံဖျက်ပိုးများ ကြိုတင်ကာကွယ်နိုင်စေရေး ဥကပ်ပါးနကျယ် လွှတ်ခြင်းများ ဆောင်ရွက်ကြောင်း၊ သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
ပေါက်အင်းစိုက်ကွင်းအတွင်း မိုးရာသီ ချင်းတွင်းမြစ်ရေ ဝင်ရောက်လာချိန်တွင် ဒေသခံ ပြည်သူများ ငါးစားသုံးမှု ဖူလုံနိုင်စေရေးအတွက် ငါးသားပေါက်များ ထည့်သွင်းမွေးမြူ ထုတ်လုပ်ပေးနေပြီး ရေခန်းခြောက်သွား၍ ကုန်းမြေအဖြစ်ပေါ်လာချိန် ဆောင်းရာသီတွင် တောင်သူများအား မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်စေရေး သီးနှံစိုက်ပျိုးလုပ်ကိုင်ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)


