နေပြည်တော် ဇန်နဝါရီ ၉
စိုက်ပျိုးမွေးမြူရေး စနစ်ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်သည့်နည်းတူ သက်ဆိုင် ရာဒေသ၏ ထူးခြားသော ဝိသေသလက္ခဏာများပါဝင်သည့် လယ်ယာစီးပွား အခြေခံသော စီးပွားရေးဇုံများ ပေါ်ထွန်းလာရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးလာစေရေး ကြိုးပမ်းကြစေ လိုကြောင်း ဇန်နဝါရီ (၈)ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့ ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခေမရဌ် ဧည့်ရိပ်သာ တွင် ပြည်နယ်နှင့် ခရိုင် အဆင့် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
တွေ့ဆုံပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ် နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများ အလိုက်ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဒေသရေမြေ၏ အခြေအနေပေးမှုကို အသုံးချပြီး တောင်သူများအတွက် ထုတ်လုပ်မှုစရိတ် အနည်းဆုံးနှင့် အရည်အသွေးမြင့်မား သော ထုတ်ကုန်များဖြစ်စေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တည်ဆဲဥပဒေများနှင့် အညီ တောင်သူများမြေယာအသုံးပြုခွင့် ပိုင်ဆိုင်ခွင့်များရရှိရေး ၊ ထုတ်လုပ်မှုတိုးတက်ရေး ၊ သွင်းအားစုနှင့် လုပ်သားစရိတ် သက်သာစေရေး၊ စက်မှုလယ်ယာ စနစ်အသုံးချနိုင်ရေး၊ မျိုးကောင်းမျိုးသန့်နှင့် ခေတ်မီနည်းပညာ အသုံးချနိုင်ရေ တို့အတွက် စီမံဆောင်ရွက် ကြရန်လို ကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် တိရစ္ဆာန်အစာ စိုက်ပျိုး ထုတ်လုပ်ခြင်း အတွက် ဌာနချင်းပူးပေါင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ ထို့အတူ ကျွမ်းကျင်သော လူစွမ်းအားအရင်းအမြစ်များ တိုးပွားရေးအတွက် လိုအပ်သည့် သင်တန်းများ ဆောင်ရွက်ရန်နှင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာကို ထိရောက်စွာအသုံးချဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ Jadae Akha ကုမ္ပဏီ ၏ ကော်ဖီ နှင့် လက်ဖက်ခြောက်လုပ်ငန်းဆောင်ရွက်နေမှု နှင့် ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်မှုကို ကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
အလားတူ တာလေမြို့ ၊ နားယောင်းကျေးရွာအုပ်စု တောင်သူ ဦးကျာဟေး ၏ ဖြောင့်ဖြူး ပျော်ရွှင်ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ သို့သွားရောက်ကြပြီး စိုက်ပျိုးမြေဧက ၃၀၀ တွင် GAP ကျင့်စဉ်လိုက်နာကျင့်သုံး၍ ခေတ်မီရေအစက်ချစနစ်ဖြင့် ပျားလိမ္မော် အပင် ၆၀၀၀၀ ကျော် စိုက်ပျိုး လုပ်ကိုင်နေမှုကိုလည်းကောင်း၊ လိမ္မော်ပင်များအကြားတွင် တိရစ္ဆာန်အစာ နေပီယာ မြက် စိုက်ပျိုးပြီး ဒေသမျိုး နွားကောင်ရေ(၃၀၀)ကျော် မွေးမြူကျွေးမွေး၍ နွားချေးကို သဘာဝမြေဩဇာအဖြစ်အသုံးပြုနေမှုကိုလည်းကောင်း ၊ အရည်အသွေးကောင်း လိမ္မော်သီးများ စိုက်ပျိုး ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်နှင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု တို့ကို လည်းကောင်း ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ ဇန်းမွန်းအခါဟိုတယ် ဧည့်ခန်း မတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တွေ့ဆုံ၍ ရှမ်းပြည်နယ်၏ စိုက်ပျိုး မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်တားဆီးရေး ၊ ပြည်တွင်း၏ အသားစားသုံးမှုဖူလုံရေးနှင့် ပို့ကုန်တိုးတက် ရေးအတွက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ကိစ္စ ၊ လွှတ်ကျောင်း စနစ်အစား တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးသည့် စနစ် ထွန်းကားလာစေရန် အသိပညာ နည်းပညာကူညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


