နေပြည်တော်၊ အောက်တိုဘာ ၁၄ 

တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် ရာသီဥတုဒဏ် ရောဂါပိုးမွှားဒဏ် ခံနိုင်ပြီး အသက်လျင်သော စပါးမျိုးများ၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်ပြီး အပင်ယိုင်လဲခြင်းမရှိသော စပါးမျိုးများ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးနှင့် လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် နည်းပညာလိုအပ်ချက်များ ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်  ကြိုးပမ်းအားထုတ် မြှင့်တင်ဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က  တိုက်တွန်းပြောကြားသည်။

နံနက်ပိုင်းက ရေဆင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ ကျင်းပသည့် (၁၁) ကြိမ်မြောက်  တောင်သူ နည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum) တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

(၁၁)ကြိမ်မြောက်  ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum) တွင် စပါး - ငါးစိုက်ပျိုးမွေးမြူရေး (Integrated Paddy-Cum-Fish culture) နှင့် ပတ်သက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်တစ်ဦးက ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲကို စပါးခင်းအတွင်း ငါး ပုစွန်များ ထည့်သွင်း၍ ရောနှောမွေးမြူခြင်းဖြင့် ရရှိလာနိုင်မည့် သဘာဝမြေဩဇာများကို အသုံးပြုခြင်းကြောင့် တောင်သူအတွက် ဝင်ငွေ (၂) ခု တစ်ပြိုင်တည်း ရရှိစေသဖြင့် အကျိုးအမြတ် ပိုမိုရရှိစေရန် အဓိကရည်ရွယ်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး ပညာရှင်များ၊ သုတေသီများ၊ လယ်ဝေးမြို့နယ်မှ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများက  အွန်လိုင်းဖြင့်  တက်ရောက်ကြသည်။

သတင်းစဉ်