တောင်တွင်းကြီး ၁၅ မေ
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် မေ(၁၄)ရက်ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဝါးခြမ်းကာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းထံမှ သိရသည်။

အဆိုပါလေပြင်းတိုက်ခိုက်မှုကြောင့် ဝါးခြမ်းကာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် အခြေခံပညာ အလယ်တန်းကျောင်းများ အမိုးလန်ပျက်စီးခဲ့ကြောင်း၊ သွပ်မိုး၊ ထရံကာ ပျဉ်းခင်(၃)ပင်၊ (၄)ပင်အိမ် (၂၇)လုံး အမိုးလန်ပျက်စီးခဲ့ပြီး စမုံရွာမ၊ စမုံရွာသစ်တွင် (၃)ပင် ထရံကာကြမ်းခင်း နေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ကြောင်း၊(၃)ပင်၊(၄)ပင်အိမ်(၆)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
“လေပြင်းတိုက်ခတ်တာက ည(၇)နာရီဝန်းကျင်ကဖြစ်တာ။ လေပွေပုံစံတိုက်တာပါ၊ ဘယ်လောက် လေတိုက်နှုန်းပြင်းလဲမသိပါဘူး။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် အိမ်အချို့ အမိုးလန်တာတွေတော့ရှိတယ်၊ လူနှင့်တိရစ္ဆာန် အသေအပျောက်၊ထိခိုက်မှုမရှိပါဘူး” ဟု ဝါးခြမ်းကာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းက ပြောပြသည်။
ဟင်္သာ (တောင်တွင်းကြီး)