တောင်တွင်းကြီး ၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား၊ အမှတ်(၁) ရပ်ကွက်၊ ရွာလယ်လမ်းမကြီးတွင်၊ ကျောင်းသား ကျောင်းသူများအတွက် အဓိကရည်ရွယ်၍ ကုသိုလ်စုဘူး အမည်ရှိ ( Food Box ) တည်ဆောက်ဖွင့်လှစ်ထားရှိပေးခြင်း ဖွင့်ပွဲအခမ်းအနားအား ယနေ့ ဇူလိုင် (၇) ရက် ၊ ညနေ (၄) နာရီခွဲအချိန်က ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ဦးအောင်ကြည်ညွန့်၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်း၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းဇော်ဝင်း၊ မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်ညို နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အလှူရှင် ကိုဌေးလှိုင်+ မခင်မျိုးသူ မိသားစု၏ ရည်ရွယ်ချက်မှာ ပုပ္ပါရုံ အ.မ.က ကျောင်းမှကျောင်းသူ ကျောင်းသားများ၊ အိမ်ရှေ့မှဖြတ်သွားကြသော မူကြိုကျောင်းမှ ရင်သွေးငယ်များ၊ အခြားကျေးရွာများမှ ဆတ်သွား အ.ထ.က သို့ ကျောင်းတက်လာကြသည့် ကျောင်းသူ ကျောင်းသားများ ထို့အပြင် ဘော်ဒါအသီးသီးမှ ကျောင်းသူ ကျောင်းသားလေးများနှင့် ပတ်ဝန်းကျင်၌ ရှိသော ပြည့်စုံမှုမရှိသူများ၊ အားနည်းသူများကို ကူညီပေးခြင်းဖြစ်ပြီး အနာဂါတ်ရဲ့ရင်သွေငယ်များကို မျှဝေခြင်း (Sharing) လုပ်တတ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ပြောကြားချက်အရ သိရသည်။
အဆိုပါ Food Box ထဲတွင် ကျောင်းသုံးစာရေး ကိရိယာများအဖြစ် ခဲတံ၊ ဘောပင်၊ စာအုပ်များအပြင်၊ မုန့်ဖိုးမပါတဲ့ ကျောင်းသူ ကျောင်းသားများအတွက် မုန့်မျိုးစုံနှင့် သောက်ရေသန့်၊ အချိုရည်ဘူးများကို တစ်ပတ်လျှင်နှစ်ရက် တနင်္လာနေ့ နံနက်ကျောင်းမတက်မီနှင့် သောကြာနေ့ညနေ ကျောင်းဆင်းချိန်များတွင် ကုသိုလ်ယူ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ food box အတွက် တစ်ပတ်လျှင် ကုန်ကျငွေကျပ် သုံးသောင်းခွဲနှုန်းဖြင့် တစ်လလျှင် တစ်သိန်းခွဲကျပ် ၊ တစ်နှစ်လျှင် ငွေကျပ် တစ်ဆယ့်ရှစ်သိန်း အကုန်အကျခံကာ ဝယ်ယူလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)


