တောင်တွင်းကြီး ဒီဇင်ဘာ ၂၉

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မြင်ဇေယျ ရခိုင်ဘုရားကြီးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်တို့က ဘော်လီဘောပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်းတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

 

ထို့နောက် အုပ်စု(က) ပွဲစဉ်(၁)အဖြစ် ရွှေကြာအင်း(၁)လူငယ် ဘော်လီဘောအသင်းနှင့် ချောင်းနက်လူငယ် ဘော်လီဘောအသင်း၊ မောင်းတိုင်(၂)နှင့် သဖန်းကုန်းလူငယ် ဘော်လီဘောအသင်း၊ တောင်ပြင်(၂)နှင့် ဆတ်သွားလူငယ် ဘော်လီဘောအသင်း၊ တောင်ပြင်(၁)နှင့် အောင်းစုလူငယ် ဘော်လီဘောအသင်းတို့ အုပ်စု(က)ဖွင့်ပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ဆက်လက်၍ အုပ်စု(ခ) လူငယ်ဘော်လီဘောအသင်းများက ဒီဇင်ဘာ ၂၉ ရက်တွင်လည်းကောင်း၊ အုပ်စု(ဂ) လူငယ်ဘော်လီဘောအသင်းများက ဒီဇင်ဘာ ၃၀ ရက်တွင်လည်းကောင်း အသင်းပေါင်း  (၁၂)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ရရှိကြသော ဘော်လီဘောအသင်းများကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်နောင်စိုး(ပြန်/ဆက်)