ရန်ကုန် ၈ အောက်တိုဘာ 

 

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at Home) ကာလအတွင်း စားသောက်ရေး အခက်အခဲရှိပါက ဖုန်း ၀၉-၅၀၂၄၇၉၉၊ ၀၉-၇၉၅၆၄၅ ၄၇၄၊ ၀၉-၄၂၈၆၃၁၀၄၄ တို့သို့ ဆက်သွယ်၍ အခြေခံစားသောက်ကုန်များ လာရောက်ထုတ်ယူနိုင်ကြောင်း တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အဆိုပါ ဖုန်းနံပါတ်များသို့ အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အတွင်း နေ့စဉ် နံနက် ၈ နာရီမှ ၁၀ နာရီအကြား ခေါ်ဆိုနိုင်ပြီး တစ်နေ့လျှင် လူ ၂၀၀ စာ စီစဉ်ထားကာ တစ်ပတ်စာ လူ ၁၂၀၀ အထိ ပေးနိုင်ရန် စီစဉ်ထားကြောင်း တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းက ပြောကြားသည်။ 

 

လက်ရှိတွင် တစ်ဦးလျှင် ဆန်တစ်ပြည်၊ ကြက်ဥ ၁၀ လုံး၊ ဂေါ်ရခါးသီး သုံးလုံးနှင့် ဂေါ်ဖီထုပ် တစ်ထုပ်တို့ကို ပေးသွားမည်ဖြစ်ပြီး အလှူရှင်များ၏ လှူဒါန်းမှုအပေါ်မူတည်၍ ဆီနှင့် ဟင်းသီးဟင်းရွက်များလည်း ဆက်လက် မျှဝေလှူဒါန်းသွားမည်ဖြစ်သည်။

 

ယင်းအစီအစဉ်ကို တောင်ဥက္ကလာပမြို့နယ်စည်ပင်၊ We Love တောင်ဥက္ကလာပ ပရဟိတအဖွဲ့နှင့် အလှူရှင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ယခုကာလအတွင်း စားသောက်ရေး အမှန်တကယ် အခက်အခဲရှိသူများကို ပေးသွားမည်ဖြစ်ရာ ဖုန်းဆက်ပြီးပါက တောင်ဥက္ကလာပ မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံး၌ ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအစီအစဉ်ကို အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ သတ်မှတ်ထားသော်လည်း အလှူရှင်များ လှူဒါန်းမှု အပေါ်မူတည်၍ ရက်ထပ်တိုးဆောင်ရွက်သွားမည်ဖြစ်သည်။

 

တောင်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်၊ အိမ်ထောင်စုပေါင်း ၄၀၀၀၀ ကျော်နှင့် လူဦးရေ ၁၁၀၀၀) ကျော်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 

 

#MRTV