တောင်ဥက္ကလာပ    ၂၂      ဩဂုတ်         

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်အရှေ့ ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်၊ မဟာမုနိဓမ္မာရုံ၌ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမိုးဝင်းအောင်မှ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့်ပတ်သက်သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမိုးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

ဆက်လက်၍ သင်တန်းပို့ချရာတွင် တောင်ဥက္ကလာပမြို့နယ်ဦးစီးမှူးရုံး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးညွန့်ဦးက နိုင်ငံသား(၃)မျိုးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဒေါ်ချမ်းမြအေးမှ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းအား ဆွေးနွေးပို့ချခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(၄) ဦးမြင့်လွင်မှ ရပ်ကွက်/ကျေးရွာလုပ်ငန်းလမ်းညွှန်ပါ သိသင့်သိထိုက်သည်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းသို့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်သင်တန်းသား (၁၄၇) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း