ဒီလီ ၂၉   သြဂုတ် 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ညပိုင်းတွင် တီမောလက်စ်တေနိုင်ငံ၊ မြို့တော် ဒီလီရှိ သမ္မတအိမ်တော်၌ ကျင်းပသည့် တီမောလက်စ်တေ ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ Francisco Guterres Lu-Olo နှင့် ဇနီးတို့ တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးသည် တီမောလက်စ်တေနိုင်ငံ၊ ဒီလီမြို့၌ သြဂုတ် ၃၀ ရက်တွင် ကျင်းပမည့် တီမောလက်စ်တေ ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နှစ်(၂၀)ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။

ဒီလီမြို့သည် ဆိပ်ကမ်းမြို့ဖြစ်ပြီး အရှေ့တောင်အာရှဒေသရှိ အင်ဒိုနီးရှားကျွန်းစုကြီး၏ အရှေ့ဖျားတွင် တည်ရှိသော (အရှေ့တီမော)ဟု ခေါ်ဆိုသည့် တီမောလက်စ်တေ ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၎င်းနိုင်ငံနှင့် အင်ဒိုနီးရှား၊ သြစတေးလျနိုင်ငံတို့ တြိဂံနယ်မြေပုံစံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်တွင် ပါဝင်ပြီး ကုန်သွယ်ရေးဆိုင်ရာ အချက်အချာနေရာ ဖြစ်သည်။ ပေါ်တူဂီ၊ ဂျပန်နှင့် အင်ဒိုနီးရှားတို့ သိမ်းပိုက်အုပ်စိုးမှုခံခဲ့ရသော သမိုင်းဝင်မြို့ဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂ၏ ကြီးကြပ်အုပ်ချုပ်မှုဖြင့် တည်ရှိခဲ့ရာမှ ၂၀ဝ၂ ခုနှစ် မေ ၂၀ ရက်မှစ၍ လွတ်လပ်သော တီမောလက်စ်တေ ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ဖြစ်ပေါ်လာမှုနှင့်အတူ ဒီလီမြို့ကိုလည်း ၎င်းနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်