မကွေး  ၁  ဇူလိုင် 


        
မကွေးတိုင်းဒေသကြီးတွင် တိုးချဲ့ဖွဲ့စည်းမည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားဝန်ကြီးဌာန၏ ဝန်ကြီးနေရာအတွက် တိုင်းဒေသကြီးလွှတ်ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ရန် ညွှန်ကြားမှုရရှိခဲ့ပြီး မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌက  ဦးစားပေး တစ်၊နှစ်၊သုံးရွေးချယ်ကာ သမ္မတထံ အမည်စာရင်းပေးပို့သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ်ထံမှ သိရသည်။


        
" အစိုးရအဖွဲ့ဝန်ကြီး စကာစက ကျွန်တော်ပဲဦးဆောင်ပြီး တစ်ကယ်ကိုလုပ်နိုင်မယ့်ပုဂ္ဂိုလ်တွေ၊ ရိုးသားဖြောင့်မတ်တဲ့လူတွေ အကုန်လုံးကို ကိုယ်ကစိတ်ကူးပြီး ဖွဲ့ခဲ့တာပါ။ အပြင်ကလည်းပါတာပေါ့။ ဝန်ကြီးအသစ်ခန့်ဖို့ကိစ္စမှာကျတော့ ကျွန်တော်က ဘာမှရွေးချယ်တာမလုပ်ပါဘူး။ သမ္မတကြီးကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ ရွေးပါမယ်လို့ပြောတဲ့အတွက်ကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီးပဲ ရွေးပေးပါဆိုပြီး အကြောင်းကြားလိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ ဦးစားပေး တစ်၊ နှစ်၊ သုံး ဆိုပြီး စာရင်းပေးပြီးတော့ သမ္မတကြီးဆီတင်ပြပါမယ်။ ဘယ်သူ့ကိုရွေးမယ်ဆိုတာ ကျွန်တော်လမသိဘူး " ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောသည်။


         
လက်ရှိမကွေးတိုင်းအစိုးရအဖွဲ့၌ ဝန်ကြီးချုပ်နှင့် တပ်မတော်မှရွေးချယ်ထားသည့် လုံ/နယ်ဝန်ကြီး အပါအဝင် ဝန်ကြီး(၉)ဦးရှိပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထဲမှ ဝန်ကြီး(၅)ဦး၊ ပြည်သူ့ဆန္ဒမဲဖြင့် ရွေးကောက်ပွဲနိုင်သူမဟုတ်ဘဲ အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အရ  ပြည်သူများထဲမှ ရွေးချယ်ထားသည့် ဝန်ကြီး(၃)ဦးတို့ တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

“ လွှတ်တော်မှာ အရည်အချင်းရှိတဲ့လူ၊ ပြည်သူကိုကိုယ်စားပြုတဲ့လူပေါ့ဗျာ။ လွှတ်တော်မှာလည်း တာဝန်ကျေရမယ်။ ပြည်သူ့အပေါ်မှာလည်း တာဝန်ကျေရမယ်။ ပါတီတာဝန်လည်းကျေရမယ်။ တစ်ချို့က လွှတ်တော်ကိုယ်စားလှယ်သာဖြစ်နေတာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မကျေဘူး။ အကုန်လုံးကို အဖက်ဖက်က ပြည့်စုံတဲ့သူကိုရွေးထားတာပဲ။ တိုင်ပင်ပြီးတော့ရွေးထားတာ။ ကျွန်တော်ပြောတာတွေနဲ့ ပြည့်စုံရင်ပါမယ်၊ မပြည့်စုံရင်မပါဘူး " ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ က ဝန်ကြီးအမည်စာရင်းရွေးချယ်မှုနှင့်စပ်လျဉ်း၍ မှတ်ချက်ပြုပြောကြားသည်။    


          
ဝန်ကြီးဌာနတစ်ခုထပ်မံတိုးချဲ့ခြင်းမှာ တိုင်းဝန်ကြီးတစ်ဦးသည် ဝန်ကြီးဌာနအများအပြား ကိုင်နေရသည့်အတွက် လုပ်ငန်းတာဝန်များ မပေါ့သွားစေရန်နှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန် ဖန်တီးနိုင်ရန်ဖြစ်မည်ဟု ယူဆ ကြောင်း ဝန်ကြီးချုပ်ကပြောဆိုခဲ့သည်။


       
ဇူလိုင်လ ၁ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာ(၂)စောင်ပေးပို့ခဲ့ကြောင်း၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို အလုပ်သမား ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းလိုခြင်းတို့အတွက် တိုင်းလွှတ်တော်၏ သဘောတူညီချက်ရယူပေးနိုင်ပါရန် သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တက်ရောက်သူအားလုံး၏ သဘောတူညီချက်ကို ရယူနိုင်ခဲ့ကြောင်း လွှတ်တော်တာဝန်ရှိသူထံမှ သိရသည်။

 

ဇေယျတု(မကွေး)