တိုက်ကြီး ၅ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ (၃) ၏ လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရွာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်း၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မျိုးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်း ကော်မတီဝင်များနှင့်အတူ Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် သနပ်ချောင်းဘူတာကျေးရွာ အုတ်ခဲကျိုးခြင်း၊ သဲကြပ်ခြင်းနှင့် ရေနှုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ၊ ညောင်ချောင်းကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့် ဓမ္မိတ်ကျေးရွာ ဂဝံလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါကျေးရွာများတွင် ယခုဘဏ္ဍာရေးနှစ် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် သနပ်ချောင်းဘူတာ ကျေးရွာ၌ အလျား ၁၀၀၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မထု အုတ်ခဲကျိုးခင်းခြင်း၊ သဲကြပ်ခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ညောင်ချောင်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း အလျား ၃၈၇ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မထု ခင်းခြင်းလုပ်ငန်းကိုလည်ကောင်း၊ ဓမ္မိတ်ကျေးရွာ၌ အလျား ၆၇၀ ပေ၊ အကျယ် ၁၀ပေ၊ အမြင့် ၉ လက်မထု ခင်းခြင်းလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာန၏ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေပြီး စီမံကိန်းလုပ်ငန်း ပါဝင်သူများကို ချက်ခြင်းလုပ်အားခပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မျိုးကရှင်းပြသည်။
စိုးမိုးကျော်


