ထားဝယ်   ဇူလိုင်  ၁၂

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင် ၁၁ ရက်က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။

 

ရှေးဦးစွာ အမျိုးသား အမျိုးသမီးမီတာ ၁၀၀ ပြေးပြိုင်ပွဲနှင့် မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကစားသမားများနှင့် အားကစား ဝါသနာရှင် များက ကြည်ရှုအားပေးကြသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲ တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေကိုလည်းကောင်း၊  မီတာ ၁၀၀ ပြိုင်ပွဲတွင် အမျိုးသမီး ပထမဆုရရှိသော ပုလောမြို့နယ်မှ မအေးသီဝင်း၊ ဒုတိယဆုရရှိသော ကော့သောင်းမြို့နယ်မှ မလှလှဌေး၊ တတိယ ဆုရရှိသော သရက်ချောင်းမြို့နယ်မှ မတင်မိုးအေး၊ အမျိုးသား ပြိုင်ပွဲတွင် ပထမဆုရရှိသော ဘုတ်ပြင်းမြို့နယ်မှ မောင်အောင်ဆန်းဗိုလ်၊ ဒုတိယဆုရရှိသော ပုလောမြို့နယ်မှ မောင်အောင်မင်းမြတ်၊ တတိယဆုရရှိသော ရေဖြူမြို့နယ်မှ မောင်ထွန်းဝင်းကျော်အား လည်းကောင်း၊ မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် အမျိုးသား ပထမဆုရရှိသော လောင်းလုံး မြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ထားဝယ်မြို့နယ်အသင်း၊ တတိယဆုရရှိသော ဘုတ်ပြင်းမြို့နယ်အသင်း၊ အမျိုးသမီး ပထမဆုရရှိသော သရက်ချောင်းမြို့နယ်အသင်း၊ ဒုတိယဆုရရှိသောကော့သောင်း မြို့နယ်အသင်း၊ တတိယဆုရရှိသော လောင်းလုံးမြို့နယ်အသင်းများအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီးပြိုင်ပွဲ အမှတ်အများဆုံးရရှိသည့် ကော့သောင်း မြို့နယ်အသင်းနှင့် အမျိုးသားပြိုင်ပွဲ အမှတ်အများဆုံးရရှိသည့် သရက်ချောင်းမြို့နယ်အသင်းတို့အား တံခွန် စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)