ရန်ကုန်    ဇန်နဝါရီ  ၃၀

 

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း မီးလောင်/မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံတစ်ဝန်း အရှိန်အဟုန်မပျက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပွင့်လင်းရာသီကာလသို့ ကူးပြောင်း လာချိန်၌ အများပြည်သူသိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် တိုင်း‌ဒေသကြီးနှင့်ပြည်နယ်တို့ရှိ ခရိုင်(၃၅)ခု၊ မြို့နယ်ပေါင်း(၁၂၅) မြို့နယ်၊ အိမ်ခြေပေါင်း ၃၄၀၀၀ ကျော်တွင် နေထိုင်သည့် အများပြည်သူ ၁၂၀,၀၀၀ ကျော်အား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများပေးခဲ့ကြောင်း သိရသည်။

 

 အဆိုပါ မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၂၂)ရက် မှ (၂၉)ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ခရိုင် (၃၅)ခု၊ မြို့နယ်ပေါင်း(၁၂၅)မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း(၁၈၅)အုပ်စုတို့မှ အိမ်ခြေပေါင်း ၃၄၀၀၀ ကျော်၊ အိမ်ထောင်စု ၄၃၆၉၁ စု၊ လူဦးရေ ၁၂၂၁၇၂ ဦးတို့အား မီးသတိမူရေးဆိုင်ရာ နှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ တစ်အိမ်တက် ဆင်းစစ်ဆေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခြင်းတို့ကို  တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး/သတိပေးခြင်းနှင့် အသိပညာပေး ခြင်းတို့ကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၉၆၂)ဦး၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်(၆၆၇)ဦးတို့ဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်အတူ မီးဘေးလုံခြုံ‌ရေးဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတို့  ဦးဆောင်မှုဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈) (၂၁) (၂၃) (၂၄) (၅၄)ရပ်ကွက်အတွင်းရှိ အဆင့်မြင့်လူနေအိမ်များ၊ အထပ်မြင့်အိမ်ရာများ၊ လူအများစုဝေးအပန်းဖြေရာနေရာများ၊ စီးပွားရေးလုပ် ငန်းများနှင့် စက်မှုဇုန်(၄)ဇုန်ရှိ စက်ရုံ/အလုပ်ရုံများကိုလည်း စစ်ဆေးအကြံပြု အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ဇန်နဝါရီ(၃၁)ရက်နေ့၌  ကုန်ထုတ်အရင်းအနှီးများ စီးဆင်းစုဝေး တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးရုံကြီးများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး 

ညိမ်းသူ(သတင်းစဉ်)