နေပြည်တော် ၁၁ ဇွန်
“တိုင်းရင်းဆေးရုံအုပ်ကြီးများနှင့် ဆေးရုံအုပ်များအတွက် ဆေးရုံစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုသင်တန်း (၁/၂၀၁၉)” ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အမျိုးသားပရဆေးဥယျာဉ် (နေပြည်တော်) ရှိ ရှင်းလင်းဆောင်တွင် ကျင်းပသည်။
ဖွင့်ပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က တိုင်းရင်းဆေးရုံအုပ်ကြီးများအနေဖြင့် လူနာများအား အရည်အသွေး ပြည့်ဝကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးနှင့် ဝန်ထမ်းများ လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့စေရေးတို့ကို စနစ်တကျ စီမံခန့်ခွဲရန်အတွက် ဆေးရုံစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုစွမ်းရည်များ ကောင်းမွန်မြင့်မားရေးမှာ အရေးကြီးပါကြောင်း။

ဆေးရုံအုပ်ကြီးများအနေဖြင့် မိမိတို့၏ ဆေးရုံများ၏ လုပ်ငန်းကိစ္စများကို မိမိ၏ ကိုယ်ပိုင်အရေး ကိစ္စသဖွယ်အလေးထားဆောင်ရွက်သွားရန်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း မိမိ၏ ဆွေမျိုးရင်းချာများသဖွယ် ရင်းနှီးချစ်ခင်စွာဖြင့် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးကြစေရန် ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးရုံများတွင် ရောဂါအမျိုးအစား အလိုက်ဖြစ်ပွားမှု၊ ဆေးဝါးပစ္စည်းအမျိုးအစားအလိုက် အသုံးပြုမှု စသည့် စာရင်းဇယား သတင်း အချက်အလက်များကို စနစ်တကျထားရှိရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ တိုင်းရင်းဆေး စက်ရုံများအနေဖြင့် အဆိုပါစာရင်းဇယားများအရ လိုအပ်သည့်ဆေးဝါးများကို ချိန်ညှိ တွက်ဆထုတ်လုပ်နိုင်ခြင်း အပါအဝင် များစွာသောအကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ယခုသင်တန်းတွင် အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းပုံစုံဖြင့် ဆောင်ရွက်သွားရန်ဖြစ်ပြီး သင်တန်းပြီးဆုံးသည့်အခါ သင်တန်းတက်ရောက်ခဲ့သူများအား အုပ်စုဖွဲ့ဆွေးနွေးခြင်း (focus group discussion) များပြုလုပ်၍ သင်တန်း၏ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ အားနည်းချက်များကို မွမ်းမံပြင်ဆင်၍ နောင်ဆက်လက်ဆောင်ရွက်မည့် သင်တန်းများ ပိုမိုကောင်းမွန်စေရေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
တိုင်းရင်းဆေးရုံများတွင် ကုသမှုဆိုင်ရာသုတေသနများ၊ clinical trial နှင့် အသုံးချသုတေသနများ တွဲဖက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် အိမ်နီးချင်းနှင့် နိုင်ငံတကာနိုင်ငံများသို့ လေ့လာရေးခရီးသွား ရောက်နိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းတက်ရောက်သူများကိုယ်စား ခုတင် (၁၀ဝ) ဆံ့တိုင်းရင်း ဆေးရုံကြီး (မန္တလေး)၊ ခုတင် (၅၀) ဆံ့တိုင်းရင်းဆေးရုံ (ပြည်) နှင့် ခုတင် (၅၀) ဆံ့တိုင်းရင်း ဆေးရုံ (မော်လမြိုင်) တို့မှ ဆေးရုံအုပ်ကြီးနှင့် ဆေးရုံအုပ်များက သင်တန်းနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးအပ်ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးဆွေက သင်တန်းပြုလုပ်ရန် အတွက် စီစဉ်ဆောင်ရွက်ခဲ့မှုများကို တင်ပြ ပြောကြားသည်။
ယခုသင်တန်းသည် တိုင်းရင်းဆေးရုံအုပ်များအတွက် ဆေးရုံစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုများကို သင်တန်းပို့ချဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ တိုင်းရင်းဆေးရုံအုပ်ကြီးနှင့် ဆေးရုံအုပ် (၂၄) ဦးတက်ရောက်လျက်ရှိကာ အလားတူသင်တန်းများကို ဆက်လက်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့၊ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ခုတင် (၁၀ဝ) ဆံ့ တိုင်းရင်းဆေးရုံ (မန္တလေး) သို့ သွားရောက်ခဲ့ပြီး အကြော၊ အရိုး၊ အဆစ်ရောဂါကုသရေး ဌာနနှင့် အနာပေါက်ရောဂါကုသရေး ဌာန တို့သို့ လှည့်လည်ကြည့်ရှုပြီး ရေရှည် ဆောင်ရွက်ရမည်များကို အဆင့်လိုက်အပိုင်းလိုက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)