နေပြည်တော် ၁၀  မေ 
    

တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများ(Teaching Assistant)နှင့် (Language Teracher)များ ခန့်အပ်နိုင်ရေး လျှောက်လွှာများအား စိစစ်အဆိုပြုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်သည်။


အစည်းအဝေးတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က Teaching Assistant နှင့် Language Teracher များ ခန့်အပ်နိုင်ရေးအတွက် လျှောက်လွှာခေါ်ယူမှုအခြေအနေနှင့် လျှောက်ထားမှုအခြေအနေ၊ လျှောက်လွှာများအား စိစစ်ရွေးချယ် အဆိုပြုနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။


ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆုလှိုင်က လျှောက်လွှာများ စိစစ်ရွေးချယ်ရာတွင် တွေ့ကြုံခဲ့ရသော အခက်အခဲများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆွေးနွေးသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက Teaching Assistant နှင့် Language Teracher များ ခန့်အပ်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်ရန်၊ အခြေခံအချက်အလက်များ တူညီပါက ပညာအရည်အချင်း ပိုမြင့်သူကို ဦးစားပေးခန့်အပ်နိုင်ရေး ဆောင်ရွက်ရန်၊ စိစစ်ရွေးချယ်ရာတွင် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီစေရေး သတိပြုဆောင် ရွက်ကြရန်နှင့် စိစစ်ရွေးချယ်ပြီးသော လျှောက်ထားသူများစာရင်းအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းဖွင့်အမှီ ခန့်အပ်နိုင်ရေး ပညာရေးဝန်ကြီးဌာနသို့ အမြန်ပေးပို့ ဆောင်ရွက်သွားရန် မှာကြားသည်။
    

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ လူမှုဘဝ တိုးတက်မြင့်မားစေရေး၊ တိုင်းရင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးနှင့် မိမိတို့၏ စကား၊ စာပေတို့ကို ဖော်ထုတ် ထိန်းသိမ်းနိုင်ရန်အတွက် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ တိုင်းရင်းသားဘာသာစာပေသင်ကြားသူ ဆရာ/ဆရာမ (Teaching Assistant)နှင့် တိုင်းရင်းသားဘာသာသင်ဆရာ/ဆရာမ(Language Teracher) များ ခန့်အပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် တိုင်းရင်းသားဘာသာစာပေသင်ကြားသူ ဆရာ/ဆရာမ(Teaching Assistant) နှင့် တိုင်းရင်းသားဘာသာသင်ဆရာ/ဆရာမ(Language Teracher) (၅၁၆၁)ဦးခန့်အပ် နိုင်ခဲ့သည်။


၂၀၁၉- ၂၀၂၀ပညာသင်နှစ်တွင်လည်းထပ်မံခန့်အပ်နိုင်ရေးအတွက် လျှောက်လွှာခေါ်ယူခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ နှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်တို့မှ တိုင်းရင်းသားဘာသာစာပေသင် (Teaching Assistant) လျှောက်ထားသူ  (၁၄၂၁၃)ဦးနှင့် တိုင်းရင်းသားဘာသာသင်(Language Teracher) လျှောက်ထားသူ (၆၇၆)ဦး  စုစုပေါင်း (၁၄၈၈၉)ဦး ရှိသည့်အနက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ အဆိုပြု လျှောက်လွှာစိစစ်ရေးအဖွဲ့က Teaching Assistant (၁၂၄၄၈)ဦးနှင့် Language Teracher (၂၂၂)ဦး စုစုပေါင်း (၁၂၆၇၀)ဦးအား စိစစ်ရွေးချယ်၍ ပညာရေး ဝန်ကြီးဌာနသို့ အတည်ပြုခန့်အပ်နိုင်ရေး ညှိနှိုင်းပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)