နေပြည်တော်        ဇွန်       ၁၀

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တက္ကသိုလ်/ကောလိပ် ဆရာဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်းအခမ်းအနားကို ဇွန် ၁၀ ရက် နံနက် ၈ နာရီက အဆိုပါ တက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က “ပြည်တွင်း၊ ပြည်ပ ဗဟုသုတများ ကြွယ်ဝစေရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို သိရှိနားလည်ပြီး ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုများကို နှံ့စပ်နားလည် ကျင့်သုံးတတ်စေရန်၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှု အခြေခံသဘော တရားများကို သိမြင်နားလည်နိုင်စေရန် သင်ကြားပို့ချပေးခဲ့ကြောင်း။

 

ထို့ပြင် ကာကွယ်ရေးပညာဌာနမှ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်တတ်မှု၊ စည်းကမ်းရှိမှု၊ အဆင့်ဆင့် ကွပ်ကဲဆောင်ရွက်တတ်မှု၊ အချိန်ကိုက် စီမံခန့်ခွဲတတ်မှု၊ မိမိကိုယ်ကို ယုံကြည်မှုနှင့် အဖွဲ့အစည်းစိတ်ဓာတ် ရင့်သန်စေရန် အခြေခံစစ်ပညာများ သင်ကြား လေ့ကျင့်ပေးခဲ့ကြောင်း။

 

ပညာရေးသည် တိုင်းပြည်တိုးတက်ရေးနှင့် ဒီမိုကရေစီအရေးအတွက်  အဓိကကျကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးသည်လည်း ဆရာ ဆရာမများအပေါ် များစွာတည်မီကြောင်း၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား လူငယ်များ၊ မိဘပြည်သူများ၊ ရပ်ရွာလူထုနှင့် ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။ နိုင်ငံအတွက် အရည်အသွေး ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ကျောင်းသားလူငယ်များ၏ သင်ယူတတ်မြောက်မှု အရည်အသွေး မြင့်မားလာအောင် လေ့ကျင့်သင်ကြားပေးရင်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ပညာရပ်များကို အမြဲတစေ ဆည်းပူး လေ့လာ သင်ကြားသွားကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် စံပြသင်တန်းသားဆုများနှင့် ပထမဆုများကို ဒုတိယဝန်ကြီးက လည်းကောင်း၊ စစ်ရေးပြထူးချွန်ဆုများ၊ အဆောင်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က လည်းကောင်း  ပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်များ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြားစီမံဌာန များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၅၇ ဦး၊ သင်တန်းသူ ၂၀၂ ဦး စုစုပေါင်း ၂၅၉ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေ ၁၃ ရက်မှ ဇွန် ၁၀ ရက်အထိ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်