ပြည် ၃၀ သြဂုတ်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း(ပဲခူးတိုင်းဒေသကြီး)အဖွဲ့တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး တက္ကသိုလ်များစာပေပွဲတော် (ပြည်) ၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ပြည်တက္ကသိုလ်၌ သြဂုတ် ၃၀ ရက် နံနက်ပိုင်းကစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်များစာပေပွဲတော်(ပြည်) ဖွင့်ပွဲအခမ်းအနားကို ပြည်တက္ကသိုလ် MULTIPURPOSE HALL မုခ်ဦးရှေ့ ၌ သြဂုတ် ၃၀ နံနက် ၈ နာရီကကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်၊ ပြည်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း( ပဲခူးတိုင်းဒေသကြီး ) ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်နှင်းဆီရွှေတို့က စာပေပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပင်မဆောင်၌ ဖွင့်ပွဲဒုတိယပိုင်း ဆက်လက်ကျင်းပရာ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွှန့်ဌေး နှင့် ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် တို့က အသီးသီး အမှာစကားများ ပြောကြားသည်။
ထို့နောက် တက္ကသိုလ်များစာပေပွဲတော်(ပြည်) ဖြစ်မြောက်ရေးကော်မတီ၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း(ပဲခူးတိုင်းဒေသကြီး) ဒုဥက္ကဋ္ဌ ဒေါ်ခင်နှင်းဆီရွှေ က စာပေပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်အကြောင်းကို ရှင်းလင်းပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ပြည်မြို့ရှိတက္ကသိုလ်နှင့် အထကကျောင်းများမှ ကျောင်းသားကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသော ပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ တက္ကသိုလ်များစာပေပွဲတော် (ပြည်)တွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲများအပါအဝင် စာပေဟောပြောပွဲ ၊ ကျပန်းစကားပြော၊ စာစီစာကုံး နှင့် ဆောင်းပါးပြိုင်ပွဲများ၊ သုတ/ရသ စာအုပ်စာစောင်မျိုးစုံအရောင်းဆိုင်များ နှင့် ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ကလေးစာဖတ်ခန်း၊ ပြည်နည်းပညာတက္ကသိုလ်မှ နည်းပညာပြခန်း၊ ပြည်ပညာရေးကောလိပ်မှလက်မှု ပညာပြခန်း၊ စသည့်တို့ပါဝင်ပြီး ပွဲတော်ကို သြဂုတ် ၃၀ မှ ၃၁ ရက်ထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


