နေပြည်တော် ဖေဖော်ဝါရီ ၁၂

တက္ကသိုလ်များနယ်မြေ(ရေဆင်း)၏ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ တက္ကသိုလ်များနယ်မြေ(ရေဆင်း)ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပသည်။

ဈေးရောင်းပွဲတော်သို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်များ နယ်မြေ(ရေဆင်း)မှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများက စျေးရောင်းပွဲတော်ရှိ တက္ကသိုလ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများ၏ တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းရင်းသားရိုးရာပဒေသာကပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ဆက်လက်ကျင်းပရာ ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများက ကျောင်းသား ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာ အကများဖြင့် တင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက တိုင်းရင်းသားရိုးရာ ပဒေသာအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တက်ရောက်လာသော ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်သို့ တက္ကသိုလ်များနယ်မြေ(ရေဆင်း)ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

သတင်းစဉ်